သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းမှာ ရေဘေးသင့်သူပိုတိုး


ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင်းက ရေဘေး ဒုက္ခသည်များ။ (သြဂုတ်၊ ၂၀၁၅)
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင်းက ရေဘေး ဒုက္ခသည်များ။ (သြဂုတ်၊ ၂၀၁၅)

မြန်မာနိုင်ငံအနှံ့ ရေဘေးဒဏ် အကြီးအကျယ် ခံခဲ့ရပြီး နောက်ဆက်တွဲ မြစ်ရေတွေ ဆက်တက်နေတဲ့ အတွက် ဧရာဝတီတိုင်းအတွင်းမှာ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ဧရာဝတီတိုင်းထဲက တချို့မြို့နယ်တွေဟာ ကိုယ်ထူကိုယ်ထ လုပ်နေရတာနဲ့အမျှ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးသင့်ပြည်သူ တစ်သန်း သုံးသိန်းလောက်ထိ ရှိနေပြီလို့ အစိုးရက ပြောဆိုနေချိန်မှာပဲ ဧရာဝတီတိုင်းထဲမှာ နေ့စဉ် ရေတွေ တက်နေတဲ့ အတွက် ရေဘေးသင့် ဒုက္ခသည်စခန်းတွေ တိုးလာပါတယ်။ ပုသိမ်မြို့မှာတော့ ဒုက္ခသည်စခန်း ၄ခုဖွင့်ထားရသလို တခြားမြိုနယ်တွေမှာလည်း ကိုယ်ထူ ကိုယ်ထ ရေဘေးသင့် ဒုက္ခသည်စခန်းတွေ ဖွင့်ထားရကြောင်း ဒေသခံ တဦးကအခုလိုပြောပါတယ်။

" အဲ့တော့ ပုသိမ်မှာ ရေအခြေအနေက တော်တော်လေး တက်လာတဲ့ အတွက် တော်တော်များများ ရပ်ကွက်တွေမှာ ( အောင်ချမ်းသာရပ်ကွက်၊ သမ္မတရပ်ကွက်၊ မြကျွန်းသာပေါ့နော်... ) အစရှိသဖြင့် ရပ်ကွက်တော်တော် များများ မြုပ်သွားပါတယ်ခင်ဗျ။ ဒုက္ခသည်စခန်းက လေးခုပဲ ဖွင့်ပါသေးတယ်ခင်ဗျ။ တခြားမြို့နယ်တွေမှာလည်း ဖွင့်ထားရပါတယ်ခင်ဗျ။ ပန်းတနော်မြို့မှာဆိုလည်း ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရပါတယ်။ သာပေါင်းမှာလည်း ဖွင့်ထားရပါတယ်။ ကိုယ်ထူကိုယ်ထ စခန်းတွေပါ ခင်ဗျ။ ဘုန်းကြီးကျောင်းတွေ မှာ နေရာတောင်းပြီးဖွင့်ရတာပါခင်ဗျ။ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည် ၊ သာပေါင်း၊ ဟင်္သာတပေါ့နော်။ "

ရေဘေးနဲ့ အတူ ပိုးမွှားအန္တရယ်တွေကလည်း များကြောင်း ရေကျသွာ တဲ့ညောင်တုန်းမြိုျ့မှာတော့ အဆိပ်ရှိတဲ့မြွေတွေ အိမ်တွေထဲမှာ ဝင်ရောက်နေထိုင်တာတွေ ရှိနေကြောင်း ဆက်ပြောပြပါတယ်။

" အခုကတော့ ရေကျသွားပြီဖြစ်တဲ့အတွက် ကျနော်တို့ ညောင်တုန်းမြို့နယ် မှာကတော့ ပိုးမွှားအန္တရာယ်ပေါ့ဗျာ။ မြွေပွေး မြွေဟောက်တွေက တော်တော်လေး အိမ်တွေပေါ် တက်နေတာမျိုး ရှိတယ်ခင်ဗျ။ အဲ့တာကတော့ တကယ် အသက်အန္တရာယ်နဲ့စိုးရိမ်ရတဲ့ဟာတခုပါပဲ။ တစ်ယောက်ဆိုရင် တအိမ်တည်းမှာတင် မြွေပွေး လေးကောင်ရပါတယ်ခင်ဗျ။ အကောင်တော်တော်ကြီးကြီးတွေပဲ။"

ပန်းတနော်မြို့နယ် မအူပင်ခရိုင်ထဲမှာ ရှိတဲ့ ဝေယံကျွန်းကျေးရွာက ပြည်သူတွေ ဟာ နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုတဲ့ဒဏ်ကိုခံစားရပြီး ဒီနှစ်မှာတော့ ကမ်းပါးပြိုတာရော ရေကြီးတာကိုပါကြုံ တဲ့ အတွက် တရွာလုံး နီးပါးရေမြုပ် ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက် လူဦးရေ ၂၅၀၀ခန့် အတွက် ရေနဲ့ အစားအသောက် အကူညီတွေ လိုအပ်နေကြောင်းရွာသားတဦးကပြောပါတယ်။

" အခု ကျနော်တို့ အိမ်ခြေ ၂၈၇ လုံး ရှိတယ်။ အိမ်ခြေ ၂၈၇ လုံးမှာ ရွှေ့ပြောင်း အိမ်ယာက ရွာအရှေ့နဲ့ အနောက်ခြမ်းက ရွှေ့ပြောင်းအိမ်ယာက ၂၀၀ဝန်းကျင် လာက်က လက်ရှိအနေအထားက အကုန်လုံး လူနေလို့ နေရာလေး စိပ်စိပ်လေးတောင်မှ မရှိဘူးဗျ။ အကူအညီက မြို့နဲ့ အလှမ်းအကမ်းဝေးတဲ့ အတွက်ကြောင့် အကူအညီ ကျနော်တို့ ယနေ့အချိန်အထိ မရသေးပါဘူးခင်ဗျ။ ကျနော်တို့ လူဦးရေ ၂၅၀၀ ဝန်းကျင်လောက်ရှိတယ်ခင်ဗျ။ စားဖို့သောက်ဖို့အတွက် လိုနေပါတယ်ခင်ဗျ။"

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ရေကျသွားပေမဲ့ ရွံ့နွံတွေ များတဲ့အတွက် အိမ်တွေ ထဲကို ပြန်ပြီးနေထိုင်ဖို့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

" အမှိုက်တွေရှင်းနေတယ်။ လူတွေကတော့ တချို့နေနေကြတယ်။ အိမ်ထဲမှာ။ ပြသနာက ဘာဖြစ်တာလဲဆိုတော့ နုံးတွေက များနေတာ။ နုံးတွေက များလွန်းလို့ အိမ်ထဲကို မဝင်နိုင်ဘူးဖြစ်တာပေါ့နော်။ အဲ့ပြသနာရှိပါတယ်ခင်ဗျ။"

မြန်မာပြည်တဝှမ်းရေဘေးသင့်တဲ့ တိုင်းနဲ့ပြည်နယ် ၁၂ခုရှိပြီး အစိုးရကတော့ အဆိုးဆုံး အခြေအနေရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၄ခု ရှိတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အခုထက်ထိတော့ ဧရာဝတီတိုင်းမှာတော့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေသူတွေ က ရေဘေးဒုက္ခသည်တွေအတွက် စခန်းတွေ ဆက်ဖွင့်ထားရပါတယ်။ အစိုးရ ကတော့ နိုင်ငံ တဝှမ်းရေဘေးကြောင့် သေဆုံးသူ ၁၀၃ဦးရှိပြိး ရေဘေးသင့်သူ တသန်း ၃သိန်းလောက်ရှိတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG