သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှှိုင်သာယာ ကျူးကျော်တဲ ၁၂၀၀ အင်အားသုံး ဖျက်ဆီးခံရ


(ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်မှာရှိတဲ့ ကျူးကျော်တဲအိမ် ၁၀၀၀ ကျော်လောက်ကို ရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိသူတွေ အင်အားသုံးပြီး ဖြိုခွင်းခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကမှ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေထိုင်လာကြတဲ့ ကျူးကျော်နေအိမ်တဲတွေကို အင်အားသုံး ဖျက်ဆီးဖို့ ကြိုတင် အကြောင်းကြားခဲ့တယ်လို့ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နေအိမ်တဲ ဖျက်ဆီးခံရသူတွေအနေနဲ့တော့ နေစရာအတွက် အခြားမြေနေရာတခုမှာ ကျူးကျော်အဖြစ် ဆက်လက် နေထိုင်ကြဦးမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်မှာရှိတဲ့ အစိုးရပိုင် မြေနေရာအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ အိမ်ခြေ ၁၀၀၀ ကျော်ကို စည်ပင်သာယာဝန်ထမ်းတွေနဲ့ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းတွေက ရဲအစောင့်အရှောက်တွေနဲ့ အင်အားသုံးပြီး ဖျက်ဆီးခဲ့ကြတာပါ။

မိသားစုပေါင်း ၁၂၀၀ ကျော်လောက် စုဝေးနေထိုင်ကြတဲ့ ကျူးကျော်တဲတွေဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင် ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်လုပ်လက်စား ဆင်းရဲသားတွေအနေနဲ့ ရပ်ကွက်ထဲမှာ အိမ်ငှားနေရတဲ့ စရိတ်ကို မတတ်နိုင်တော့လို့ နေစရာတနေရာအတွက် ချောင်းနံဘေးက မြေကွက်လပ်တွေမှာ တဲအိမ်ထိုးပြီး ဝင်ရောက် ကျူးကျော်ခဲ့ကြတာလို့ နေအိမ်တဲဖျက်ဆီးခံခဲ့ရသူ ကိုကျော်လင်းဦးက ပြောပါတယ်။

“မရှိရတဲ့ကြားထဲက လာပြီးတော့ ဒီမြေမှာ ဘယ်သူမှမနေဘူး အရင်တုန်းက။ ဒါ ဆူးပင်တွေကြီးပဲ အကုန်လုံး။ အခု ကျနော်တို့ ဆောက်ပြီးတော့ အကုန်လုံး ဆူးပင်တွေ ခုတ်၊ ဖြတ်၊ ထစ်ပြီးမှ အကုန်လုံး လာဖြတ်ခံရတာ။”

စည်ပင်နဲ့ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းအင်အား ၁၀၀၀ ကျော်လောက်နဲ့ အင်အားသုံးခဲ့တဲ့ ဒီဖျက်ဆီးမှုဟာ ကြိုတင် အကြောင်းကြားထားတဲ့အတိုင်း လုပ်ဆောင်တာသာဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောပါတယ်။

“၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်လောက်က သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ notice ပေးခဲ့တယ်။ ပေးရတဲ့ဟာကလည်း ၁၉၉၈ အောက်မြန်မာပြည် မြို့အက်ဥပဒေ ၂၁/၁ အရ ဒါ notice ပေးတယ်။ ၁၇၊ ၁၈၊ ၁၉ - ၃ ရက်ဆက်တိုက် ကြိုပြီးတော့ ဒါ ဒီနေ့ကျတော့ သူတို့လည်း ဖျက်ပေးပါတယ်။ သူတို့လည်း ဖယ်ပေးပါတယ်။ နားထောင်ပါတယ်။”

အခြေခံ လက်လုပ်လက်စား အများစုနေထိုင်ကြတဲ့ ကျူးကျော်နေအိမ်တွေဟာ နေစရာ အခက်အခဲ ဖြစ်လာတာနဲ့အမျှ အဘက်ဘက်က ချို့တဲ့မှုတွေ ကြုံတွေ့နေကြရတာပါ။ ကလေးသုံးယောက်မိခင် မတင်တင်ဝင်းကတော့ ကလေးတွေရဲ့ ပညာရေးကို စိုးရိမ်တဲ့အကြောင်း ပြောပြပါတယ်။

“ကလေးတွေကို လက်ရှိကတော့ ထားနေသေးတယ်ပေါ့။ မထားနိုင်ရင်တော့ ထားလို့မရဘူးပေါ့ အမတို့မှာက။ ထားတာကတော့ ထားချင်တာပေါ့ ကိုယ့်သားသမီးကိုယ်။ ဒါလေးတွေ ကိုယ့်မရှိမဲ့ ရှိမဲ့နဲ့ လုပ်ထားတာ။ ဘယ်လိုလုပ် --- ပြန်ဝင်ပြီး နေမလဲ။”

အရင်က ရပ်ကွက်အတွင်းမှာ မြေနေရာ ငှားရမ်းနေထိုင်ကြတာဖြစ်ပြီးတော့ မြေငှားစရိတ်ကြီးတာကြောင့် အခုလို ကျူးကျော်နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။ နေအိမ်ဖျက်ဆီးခံရတာကြောင့် မြေနေရာ ပြန်လည် ငှားရမ်းဖို့ အခက်တွေ့နေရကြောင်း ကိုကျော်လင်းဦး က ပြောပြပါတယ်။

“ကျနော်ဗျာ ဝမ်းတောင်နည်းတယ်ဗျ။ ကျနော်တို့ ဒီမှာ ဒုက္ခတွေ အကုန်လုံးနဲ့ ကြုံတွေ့ပြီးတော့မှ မရှိဆင်းရဲသားတွေ ငွေတွေ ချေးပြီးတော့ အဲ့လိုမျိုး လာဆောက်ထားတာ။ အခုတော့ဗျာ ဒီမှာ အကြွေးတွေတင်ပြီးတော့ အကုန်လုံး ဒုက္ခရောက်နေတယ်။ အဲ့ဒါ ဘယ်လို ကျနော်တို့ကို ဖြေရှင်းပေးကြမလဲ။ အဲ့ဒါ ကျနော်တို့ သိချင်တယ်။ ကျနော်တို့တွေက နလပိန်းတုံးတွေပါ။ စာမတတ် ပေမတတ်တွေ၊ ကျနော်တို့ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်း မသိဘူး။ ကျနော်တို့ အခုက အထက်ကို ရောက်စေချင်တယ်။ ကျနော်တို့ တင်ပြချင်တယ်။ ဘယ်သူ့ဆီကနေပြီးတော့ တင်ပြရမလဲဆိုတာ ကျနော်တို့ မသိဘူး။ အဲ့လိုဖြစ်နေတယ် ကျနော်တို့မှာ။ အရမ်းဒုက္ခတွေရောက်နေပါတယ်။”

၂၀၁၃ နှစ်ကုန်ပိုင်းကစပြီး ကျူးကျော်နေထိုင်သူ အများအပြား တပြိုင်တည်း ဝင်ရောက်နေထိုင်မှုတွေ ရှိခဲ့တာကြောင့် အခြေခံလူတန်းစား အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသတွေဖြစ်တဲ့ တွံတေးနဲ့ လှိုင်သာယာမြို့တွေမှာ အင်အားသုံး ဖျက်ဆီးတာတွေ အခုနှစ်ဆန်းပိုင်းအတွင်း ဆက်တိုက် လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG