Morocco နိုင်ငံမှာ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ခုချိန်ထိ သေဆုံးသူ ၁ ထောင်ကျော်သွားပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သမိုင်းဝင် ရှေးဟောင်း Marrakech မြို့ကနေ မိုင် ၄၀ ကျော်လောက်အကွာ High Atlas တောင်ကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် ၁၂၀၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ တောင်တန်းဒေသမှာ သေဆုံးသူအများဆုံးဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ကျေးရွာတွေဆီသွားတဲ့ လမ်းတွေလည်း ပျက်စီးခဲ့တာကြောင့် ကူညီကယ်ဆယ်သူတွေ အဲဒီနေရာတွေကို သွားနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြပါတယ်။
Morocco နိုင်ငံမှာ ဆယ်စုနှစ်ပါင်းများစွာအတွင်း အပြင်းထန်ဆုံးမြေငလျင်ကြောင့် Atlas တောင်တန်းဒေသက ကျေးရွာတွေကနေ သမိုင်းဝင် ရှေးဟောင်း Marrakech မြို့အထိ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှေးဟောင်း အဆောက်အဦိး တော်တော်များများလည်း ပြိုကျခဲ့ပါတယ်။ ကုလသမဂ္ဂ UNESCO က ရှေးဟောင်းအမွေအနှစ် ထိန်သိမ်းရမယ့်နေရာအဖြစ် သတ်မှတ်ထားတဲ့ Marrakech မြို့မှာ ဘယ်လောက် ထိခိုက်ပျက်စီးသွားလည်းဆိုတာ အတိအကျ မသိရသေးပါဘူး။
ငလျင်လှုပ်လို့ Marrakesh မြို့က လူတော်တော်များများ လမ်းတွေပေါ်ထွက်ပြီး နေနေကြတယ်လို့ ဒေသခံအင်ဂျင်နီယာ Faisal Baddour က ပြောပြပါတယ်။
ကျွန်တော်တို့နေတဲ့ အဆောက်အဦးဆို ၃ လောက်ကို လှုပ်ခါသွားခဲ့ပါတယ်။ လူတွေအားလုံး ကြောက်လန်ပြီး လမ်းပေါ်ပြေးထွက်ခဲ့ကြပါတယ် တချို့မိသားစုတွေဆို နောက်ထပ်ငလျင်လှုပ်မှာစိုးလို့ လမ်းတွေပေါ်မှာပဲ ထွက်အိပ်ကြတယ်လို့ Marrakech မြို့ခံက ပြောပြခဲ့တာပါ။
ငလျင်ကြောင့် အများအပြားသေဆုံးခဲ့တဲ့အပေါ် ဝမ်းနည်းစိတ်မကောင်းကြောင်း အမေရိကန် သမ္မတ Joe Biden က ကြေညာချက် ထုတ်ပြန်ပြီး လိုအပ်တဲ့ အကူအညီပေးဖို့ အသင့်ပဲလို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်ကအပါအဝင် ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ Morocco နိုင်ငံအတွက် ကူညီဖို့ အသင့်ပြင်ထားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကလည်း X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တယ်။
တခြား ဥရောပနိုင်ငံတွေအပြင်၊ အာရှ၊ အာဖရိကနိုင်ငံတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ပေးဖို့ ကမ်းလှမ်းပြောကြားခဲ့ကြပါတယ်။