ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာရှိတဲ့ ရင်ပြင်နီ အနီးဝန်းကျင်မှာ ခွင့်ပြုချက်မရဘဲ အစိုးရဆန့်ကျင် ဆန္ဒပြပွဲကျင်းပမယ့် အစီအစဉ်ကို ဟန့်တားတဲ့ အနေနဲ့ အတိုက်အခံတွေကို ထောက်ခံသူ လူပေါင်း ၅၅ ယောက်ကို ထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆန္ဒပြလှုပ်ရှားမှုရဲ့ သင်္ကေတအဖြစ် အဖြူရောင်ဖဲပြားတွေ ၀တ်ဆင်ပြီး ကရင်မလင်နန်းတော်ရှေ့က ရင်ပြင်နီမှာ လမ်းလျှောက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေက ဆော်သြထားတာပါ။
ဒါပေမဲ့လည်း ရဲတပ်ဖွဲ့က ဆန္ဒပြစုဝေးပွဲကို တားဆီးဖို့ ရင်ပြင်နီနဲ့ အနီးအနား လမ်းတွေ အားလုံးကို ပိတ်ဆို့ထားခဲ့ပါတယ်။ ရုရှား အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေကတော့ သူတို့ရဲ့ လွတ်လပ်စွာ စုဝေးခွင့်ကို အစိုးရက ချိုးဖောက်နေတယ်ဆိုပြီး ပြစ်တင် ဝေဖန်နေတာပါ။
ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ ၀န်ကြီးချုပ် Vladimir Putin အနိုင်ရခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေနဲ့ ဒီမတိုင်ခင် လွှတ်တော် ရွေးကောက်ပွဲတွေမှာလည်း မဲမသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုပြီး မကြာသေးခင် လတွေကစလို့ တက်ကြွလှုပ်ရှားသူ ထောင်သောင်းချီပြီး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။