သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာကုန်တိုက် ဓားစာခံအများစုကို ကယ်တင်နိုင်


ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်က အဆင့်မြင့် ကုန်တိုက်ကြီးထဲမှာ သေနတ်သမားတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နည်းနည်းလောက်ပဲ ဆက်အဖမ်းခံထားရတော့တယ်လို့ ကင်ညာနိုင်ငံက ပြောလိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဆိုမာလီယာနိုင်ငံမှာ ကင်ညာက စစ်ရေးအရ ဝင်ပြီးစွက်ဖက်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်လို့ ဆိုမာလီယာ အကြမ်းဖက်အဖွဲ့ အယ်လ်-ရှဘတ်က ပြောထားပါတယ်။

ကုန်တိုက်ထဲမှာ ပုန်းအောင်းနေဆဲရှိသူတွေ၊ ဒါမှမဟုတ် သေနတ်သမားတွေက ဖမ်းဆီးထားသူတွေကို ကယ်တင်ဖို့ ကင်ညာ စစ်တပ်က တနင်္ဂနွေနေ့နှောင်းပိုင်းမှာ Westgate ကုန်တိုက်ကို စပြီး တိုက်ခိုက်ခဲ့ပါတယ်။

ကုန်တိုက်ရဲ့ အထပ်တိုင်းကို ကင်ညာစစ်တပ်က ထိန်းသိမ်းထားပြီဖြစ်ပြီး ကျန်နေသေးတဲ့ ဓားစာခံတွေထဲက အများစုကို ကယ်တင်လိုက်နိုင်ပြီလို့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ကင်ညာပြည်ထဲရေးဝန်ကြီး Joseph Ole Lenku က ပြောပါတယ်။

စနေနေ့ကစခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၆၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပေမဲ့ ကင်ညာကြက်ခြေနီ တပ်ဖွဲ့ကတော့ သေဆုံးသူ ၆၉ ဦးရှိတယ်လို့ ပြောထားပါတယ်။

ဒီအတောအတွင်းမှာပဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားခုံရုံး ICC မှာ တရားရင်ဆိုင်နေတဲ့ ကင်ညာ ဒုတိယသမ္မတ William Ruto ကို တရားသူကြီးတွေက သီတင်းတစ်ပတ်ကြာ နိုင်ငံပြန်ခွင့်ပြုလိုက်ပါတယ်။

ကင်ညာနိုင်ငံက အခြေအနေတွေကြောင့် လူသားဖြစ်မှုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ သူ့အပေါ်စစ်ဆေးနေတဲ့ တရားခွင်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ICC က ဒီကနေ့မှာပြောပါတယ်။
XS
SM
MD
LG