သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင်


သမ္မတဦးသိန်းစိန်က ၂၀၁၃အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူ မရှိစေရဆိုပြီး ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ အကျဉ်းသား အားလုံးနီးပါး လွှတ်နိုင်ခြေရှိပါတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတဘက်ကလည်း နှစ်ကုန်မှာ အကုန်လွှတ်ပေးနိုင်ရေး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ နှစ်ကုန်အစီရင်ခံစာကို စောင့်ဆိုင်းနေတယ်လို့ သမ္မတပြောခွင့်ရက ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူအချို့ အမှုရင်ဆိုင်နေရဆဲ ရှိနေတဲ့အပေါ်မှာလည်း အကျဉ်းသားစိစစ်ရေးကော်မတီဘက်က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၁၃ အကုန်မှာ မရှိစေရ ဆိုတဲ့ သမ္မတရဲ့ကတိစကားအတိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အရေး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဘက်က စာရင်းပြုစုနေတာမှာ နောက်ဆုံးလက်ကျန်စာရင်းအရ အကျဉ်းကျသူ ၃၈ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၂၀၀ ကျော် ရှိတယ်လို့သိရပါတယ်။ ဒီစာရင်းကို နိုင်ငံတော်သမ္မတထံ နှစ်ဆန်းပိုင်းလောက်မှာ ပေးပို့နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အတွင်းရေးမှူးဦးဘိုကြည်က ပြောပါတယ်။

“၃၈ ယောက်ကို စိစစ်တာတွေ လုပ်နေပါတယ်။ အဓိက-က ကျနော်တို့က ထောင်ကျပြီးသားသူတွေနဲ့ ပိုပြီးတော့ ပတ်သက်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေကတော့ ပုံသဏ္ဍန်တမျိုးနဲ့ ကျနော်တို့ ချဉ်းကပ်ရမှာပါ။ အမှုရင်ဆိုင်နေရတဲ့သူတွေပေါ် ကွင်းလုံးကျွတ် လွှတ်ပေးအောင် နည်းလမ်းရှာဖွေပြီး ဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ အကုန်လုံးမဟုတ်ရင်တောင်မှ ၈၅ %၊ ၉၀ % လောက် အခြေအနေ ကောင်းတဲ့အနေအထားမျိုးမှာ ဖြစ်နိုင်ပါတယ်။ နှစ်ဆန်းပိုင်းမှာတော့ ဖြစ်နိုင်ပါတယ်။”

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲဒီမိုကရေစီ အကူးအပြောင်း ကာလမှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျ ခံနေရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ အားလုံးပူးပေါင်းပါဝင်နိုင်ရေး လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဒုတိယပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတကြီးက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်တွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီးတော့မှ နိုင်ငံတည်ဆောက်ရေးအတွက်လည်း အကျိုးပြုနိုင်မယ့်သူတွေ၊ ကော်မတီရဲ့စိစစ်ချက်အရလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့စာရင်းထဲမှာပါတဲ့သူတွေ အားလုံးကိုတော့ အချိန်မဆိုင်းဘဲ လွှတ်ပေးမှာပါ။ ကော်မတီဘက်က စာရင်းအမြန်ထွက်လာဖို့ပဲ လိုပါတယ်။”
သမ္မတအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများကို ပါဝင်စေလိုတဲ့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကနေ သမ္မတကို တင်သွင်းလာတဲ့ စာရင်းပါဦးရေအတိုင်း စိစစ်ပြီးလွှတ်ပေးနေတာဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကဆက်ပြောပါတယ်။

“အခုနောက်ဆုံး ကျနော်သိသလောက်ပေါ့ဗျာ-လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက လုပ်နေတာပေါ့။ နောက်ထပ်စာရင်းတခုကို အားလုံးသဘောတူ ရေးဆွဲပြီးတင်ပြနိုင်ဖို့ လုပ်နေတယ်ဆိုတာတော့ ကျနော်တို့ သိပါတယ်။ အဲဒီတင်ပြချက်ပေါ် မူတည်ပြီးတော့မှ သမ္မတကြီးကတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ ကတိစကားအတိုင်း နိုင်ငံရေးအကျဉ်းသားအချို့ကိုပြန်လွှတ်ပေးနေပေမဲ့လို့ အခုရက်ပိုင်း၊ လပိုင်း အတွင်းမှာကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအချို့ အဖမ်းဆီးအထိန်းသိမ်းခံနေရတာတွေနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုတာကတော့-

“အကျဉ်းသားတစ်ယောက်ကို ဥပဒေအရ အရေးယူတယ်ဆိုတဲ့နေရာမှာ အဲဒီ အကျဉ်းသားကို ဘယ်အမျိုးအစားထဲမှာ ထည့်မယ်ဆိုတာကို ကော်မတီကဆုံးဖြတ်ပါတယ်။ ကော်မတီကလည်း ၃၁ ရက်နေ့ မတိုင်ခင်မှာတော့ သူတို့ဆီက စာရင်းတစ်ခုထွက်နိုင်အောင်လို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ပဲ ကျနော် သိပါတယ်။ အဲဒီစာရင်းရလို့ရှိရင်တော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ သမ္မတကြီးက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”

အကျဉ်းသားလွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့လမ်းညွန်ချက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းဦးဆောင်ပြီး ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် မေလ ၈ရက်နေ့ကလည်း တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြပါတယ်။
XS
SM
MD
LG