သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာသာ ထရီဆာကို သူတော်စင်အဖြစ် ပုပ်ရဟန်းမင်းဂုဏ်ပြု


မာသာ ထရီဆာကို သူတော်စင်တဦးအဖြစ် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာပြုလုပ်တဲ့ “Holy Year of Mercy” ဘာသာရေး အခမ်းအနား အတွင်း စိန့်ပီတာရင်ပြင်ကို စုဝေး ရောက်ရှိလာကြတဲ့ ထောင်သောင်းချီတဲ့ လူထုပရိသတ်ရှေ့မှာ သူတော်စင် မာသာ ထရီဆာအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ကာလာကတ္တားကို ၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ရောက်ရှိခဲ့တဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မာသာ ထရီဆာဟာ သူမဘဝတလျှောက်လုံး အိန္ဒိယနိုင်ငံက အဆင်းရဲဆုံးသူတွေကို ကူညီစောင့်ရှောက်မှု ပေးခဲ့တဲ့အတွက်လည်း သူဆင်းရဲတို့ရဲ့ သူတော်စင်အဖြစ် လူသိများခဲ့တာပါ။

ထောင်နဲ့ချီတဲ့ ခရစ်ယာန်သီလရှင်တွေနဲ့ စေတနာ့ဝန်ထမ်း တသန်းကျော်တို့နဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ထောက်ပံ့ကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူ အယ်လ်ဘေးနီးယားနိုင်ငံသူ ခရစ်ယာန်သီလရှင် မာသာ ထရီဆာရဲ့ဘဝကတော့ အလွန်ကိုပဲ ခြိုးခြံချွေတာခဲ့တာပါ။

၁၉၉၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ သက်တော် ၈၇ နှစ်မှာ မာသာ ထရီဆာ ကွယ်လွန်ခဲ့ချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ခရစ်ယာန် ကျမ်းစာအုပ်တအုပ်၊ စိတ်ပုတီးတကုံးနဲ့ သူဝတ်ခဲ့တဲ့ ဆာရီ တထည်တည်းပဲရှိပါတယ်။ ဒါပေမယ့်လို့ သူချန်ရစ်ခဲ့တဲ့ သမိုင်းအမွေကတော့ အင်မတန်မှ ကြီးမားလှပါတယ်။

ရိုမန်ကက်သလစ် ကျောင်းတော်မှာ သူတော်စင် ၁ သောင်းကျော် ရှိထားပေမယ့် အများအပြားကတော့ သူတို့ သေဆုံးပြီး ရာစုနှစ်နဲ့ချီကြာမြင့်ခဲ့သည့်တိုင် သူတော်စင်အဖြစ် တင်မြှောက်မခံရပါဘူး။ သူတော်စင်အဖြစ် တင်မြှောက်ဖို့အတွက် ပုံမှန်အားဖြင့် ပုဂ္ဂိုလ်တဦးသေဆုံးပြီး ၅ နှစ်ကြာမှ စတင်ဆောင်ရွက်တာဖြစ်ပေမယ့် ဒီလိုအပ်ချက်ကို မာသာထရီဇာအတွက် ပုပ်ရဟန်းမင်းကြီး John Paul က ပလပ်ပေးခဲ့တာကြောင့် သူ့ကို သူတော်စင်အဖြစ် တင်မြှောက်နိုင်ရေး ပိုပြီး မြန်ဆန်ခဲ့တာဖြစ်ပါတယ်။

မာသာ ထရီဆာကို သူတော်စင်အဖြစ် ပုပ်ရဟန်းမင်းဂုဏ်ပြု
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG