NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြောက်ဥက္ကလာပ မြို့နယ်စည်း အဖွဲ့ဝင်တဦး ဦးဆောင် ဖွင့်လှစ်ထားတဲ့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းကို အာဏာပိုင်တွေက ၂ လအတွင်းမှာ မကြာခဏ လာရောက် အနှောင့်အယှက် ပေးခဲ့ကြောင်း၊ ဒါပေမဲ့ အခုအခါမှာ ကလေးတွေကို ထားဖို့အတွက် အိမ်ကို ပြင်ဆင် ဆောက်လုပ်နေမှုကို စည်ပင်သာယာရေး အဖွဲ့ရဲ့ ခွင့်ပြုချက် မရသေးတဲ့အတွက် ရပ်တန့်ထားဖို့ သတိပေး ပြောကြားလာတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် မာဃလမ်းက ပရဟိတ အခမဲ့ စာသင်ကျောင်းလေးကို ဒီနှစ်အတွင်း အမေ့အိမ် ပညာဒါန ကျောင်းလေးအဖြစ် နာမည်ပြောင်း ဖွင့်လှစ်လိုက်ပြီး နောက်ပိုင်းမှာ အာဏာပိုင်တွေက ၂ လအတွင်း ၅ ကြိမ်ဆက်တိုက် ဖိအားပေးမှုတွေ လုပ်လာတယ်ဆိုပြီး ကျောင်းကို တည်ထောင်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြောက်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် ကျောင်းဆရာဟောင်း ဦးအေးမြင့်က အခုလို ပြောပြပါတယ်။
“ဖိအားပေးမှု လုပ်တာတော့ ၅ ကြိမ်ရှိပြီပေါ့ဗျာ။ ၅ လပိုင်း ၂၂ ရက်နေ့က ကျနော့်အိမ်ကို စရဖ တယောက်နဲ့ ရယကတယောက် လာတယ်။ လေ့လာတာပေါ့ဗျာ၊ မှတ်ပုံတင်နံပါတ်မေး၊ ဘာမေးနဲ့ ပြန်သွားတယ်။ ၆ လပိုင်း ၂ ရက်နေ့ကျတော့ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးက ကျနော့်ကို ခေါ်တယ်။ ခေါ်ပြီးတော့ စည်ပင်ကို လျှောက်လွှာတင်ပါလို့ ပြောတယ်။ ကျနော်က သူတို့တောင်းထားတဲ့ ဓာတ်ပုံနဲ့ လျှောက်လွှာကို ပေးထားပြီးပြီ။ အကြောင်းကြားစာပေါ့၊ လျှောက်လွှာကို ပေးထားပြီးပြီ။ ကျနော် စည်ပင်ကို လျှောက်စရာ မလိုတော့ဘူးလို့ ပြောတယ်။ ကျနော် အကြောင်းကြားပြီးပြီ၊ ခင်ဗျားတို့ တောင်းတဲ့ဟာ ပေးထားပြီးပြီ၊ ဓာတ်ပုံနဲ့ စာတရွက်ပေ့ါ။
“၃ ရက်နေ့ကျတော့ မြို့နယ် အင်ဂျင်နီယာ ဒေါ်မော်မော်ဝင်း အိမ်ကို ရောက်လာတယ်၊ ညနေ ၆ နာရီလောက်ပေါ့။ အထက်က ညွှန်ကြားချက်နဲ့ အထက်ကို တင်ပြဖို့ မှတ်တမ်းလာယူတာ ဆိုပြီး ဓာတ်ပုံတွေဘာတွေ ရိုက်တယ်။ ၆ ရက်နေ့ကျတော့ ဗိုလ်ကြီး ရဲမြင့်အောင်ရဲ့ အမိန့်နဲ့တဲ့ စည်ပင်က ဝန်ထမ်း ၄ ယောက်လာတယ်။ ၇ ရက်နေ့ကျတော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဒေါ်မော်မော်ဝင်း ရောက်လာတယ်။ ရောက်လာပြီး ကျနော်တို့ အထက်ကို ဒီက မှတ်တမ်းတွေ တင်ပြမယ်၊ တင်ပြလို့ ဟိုက ခွင့်ပြုမိန့်ကျမှ ဆောက်ပါလို့ ကျနော့်ကို ပြောတယ်။”
တာမွေမြို့နယ်က မူလတန်း ကျောင်းဆရာအဖြစ် နှစ်ရှည် တာဝန်ယူခဲ့ပြီးနောက် အခမဲ့ စာပြပေးခြင်းကို ၅ နှစ်ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ ဦးအေးမြင့်ရဲ့ ပညာဒါန စာသင်ကျောင်းလေးဟာ သူနေထိုင်ရာအိမ်မှာ ဖွင့်လှစ်ထားခဲ့တာပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ချိန်မှာတော့ သူ့ရဲ့အိမ် ပျက်စီးခဲ့တဲ့အတွက် စာသင်ကြားခြင်းတွေကို သားဖြစ်သူအိမ်မှာ လုပ်ဆောင်နေရာကနေ အခု သူ့ရဲ့အိမ်ကို ကျောင်းပြန်ဖွင့်နိုင်ဖို့ ပြန်ပြင် ဆောက်လုပ်နေတာကို တားမြစ်ခံနေရတာလို့ ဆိုပါတယ်။
“နံပါတ်လည်း ရှိပြီးသား၊ ကျနော့်အိမ်ပိုင်၊ နေတာလည်း ကြာပြီ။ အဲတော့ ဒီမှာ စာပြနေတုန်း ၂၀၀၈ မှာ နာဂစ်မိသွားပြီးတော့ ခါးပြတ်ထွက်သွားပြီး အိမ်က ပျောက်သွားတယ်။ အခု ကျနော် ပြန်ဆောက်တယ်ပေါ့ဗျာ။ အနှောင့်အယှက်ပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကျနော်ကလည်း စိတ်က တော်တော်ဆင်းရဲနေတယ်။ ကျနော် အခု အမေ့အိမ် တပ်လိုက်တော့မှ Pressure ပေးခံရတာ။ ကျနော် ဒါပဲသိတယ်။ ကျနော်တို့ဆီမှာ ၂ လမ်း အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။ အဲဒီ အိမ်ခြေ ၅၀၀ ကျော်ထဲမှာ လက်လုပ်လက်စားက ၉၀% ပေါ့ဗျာ။ လက်လှုပ်မှ ပါးစပ်လှုပ်တဲ့ ဆင်းရဲသား လူတန်းစားတွေ။
“ဒီကလေးတွေနဲ့ ဒီမိဘတွေနဲ့ အခြေအနေအရ ပညာရေးမှာ ကျနော်က အရေးအကြီးဆုံး အခန်းကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ ကျနော်ထင်တယ်။ လူတွေ အတိဒုက္ခရောက်နေတာ အဓိကတော့ ပညာမဲ့လို့။ ဒါကြောင့် ဒီလို ကျနော် ထင်မြင်ယူဆမိတဲ့ အတွက်ကြောင့်၊ ကျနော် ကျောင်းဆရာဟောင်း တယောက် ဖြစ်တဲ့အတွက်ကြောင့် ဒီကလေးတွေကို ပညာသင်ပေးမယ်လို့ ဆုံးဖြတ်ချက် ချပြီးတော့ ကျနော် သင်ပေးခဲ့တာ။”
ကျောင်းဆရာဟောင်း ဦးအေးမြင့် ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ အခမဲ့ စာသင်ကျောင်းလေးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ ဦးဆောင် ဖွင့်လှစ်ကြတဲ့ အခုလိုမျိုး အခမဲ့ စာသင်ကျောင်းတွေ၊ လူမှုရေး လုပ်ငန်းတွေဟာ မကြာခဏ ဖိအားပေးခံရပြီး အိမ်ရှင်တွေကို အိမ်မငှားနိုင်အောင် ဖိအားပေးတာမျိုးတွေကို အာဏာပိုင်တွေက မကြာခဏ လုပ်လေ့ရှိပါတယ်။
အမေ့အိမ် အခမဲ့ စာသင်ကျောင်း တည်ထောင်စက ကျောင်းသားဦးရေ ၁၅ ယောက်နဲ့ စခဲ့ပေမဲ့ အခုဆိုရင် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိလာပြီး ၇ တန်းအထိ စာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ သူတို့ရပ်ကွက်ထဲမှာ ဒီလို အပြင်ကျူရှင် မသင်ကြားနိုင်တဲ့ ကျောင်းသားဦးရေဟာ ၃၀၀ လောက် ရှိနေကြောင်းတွေကိုလည်း ဦးအေးမြင့်က ပြောပြသွားခဲ့ပါတယ်။