ဧဝရတ်တောင်ထိပ်ကိုတက်နိုင်ဖို့ ကြိုးစားကြတဲ့ ရာစုနှစ်တခုကျော်လောက် ကာလအတွင်း သေဆုံးသူ တောင်တက်သမား ၃၀၀ နီးပါး ရှိနေပါပြီ။ တောင်ပေါ်မှာ သေဆုံးပြီး အလောင်းတွေ ပြန်မသယ်နိုင်တာကတော့ ၁၀၀ ကနေ ၂၀၀ လောက်အထိ ရှိမယ်လို့လည်း ခန့်မှန်းရပါတယ်။
အလောင်းတော်တော်များများကတော့ တောင်ကြိုတောင်ကြား၊ နှင်းတွေ၊ ရေခဲတွေ ဖုံးလွှမ်းပြီး ပျောက်ဆုံးနေပေမဲ့၊ ပလပ်စတစ် တောင်တက်ဖိနပ်တွေ၊ နှစ်တွေကြာလာတာနဲ့အမျှ အရောင်မှေးမှိန်လာတဲ့ အနွေးထည်အင်္ကျီရောင်စုံတွေနဲ့ အမှတ်တရစုပုံထားတဲ့ နေရာက တချို့ အလောင်းတွေကိုတော့ တောင်တက်သမားတွေ ဖြတ်သန်းရာ လမ်းမှာပဲ တွေ့နိုင်ကြပါတယ်။
ပေပေါင်း ၂ သောင်း ၉ ထောင်ကျော်မြင့်တဲ့ ဧဝရတ်တောင်ပေါ်မှာ သေဆုံးသူတွေထဲက ထင်ရှားသူတချို့ကိုတော့ ချစ်စနိုး နာမည်တွေ ပေးထားတာတွေလည်း ရှိပါတယ်။ ဒီလိုအဖြစ်မျိုး ဘယ်တောင်တက်သမားမှ မကြုံချင်ကြသလို၊ သက်ဆိုင်ရာ မိသားစုဝင်တွေလည်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံချင်ကြပါဘူး။ ဒါပေမဲ့လည်း အောက်စီဂျင်နည်းပါးပြီး၊ အေးခဲနေတဲ့ ရာသီဥတုနဲ့ လေပြင်းဒဏ်ကြောင့် အလောင်းတွေကို သယ်ယူဖို့ကလည်း မဖြစ်နိုင်သလောက် ခက်ခဲလှပါတယ်။
ဒါကြောင့်လည်း မကြာသေးခင်က ဧဝရတ်တောင် အမြင့်ပိုင်းမှာ တောင်တက်သမား ၄ ယောက် သေဆုံးပြီး၊ ပျောက်ဆုံးနေသူ နောက်တယောက်ဟာလည်း သေဆုံးပြီလို့ ယူဆရတဲ့အတွက်၊ ဒီလူတွေရဲ့ အလောင်းတွေကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေဟာ တောင်တက်အဖွဲ့တွေ၊ မိသားစုတွေကြား တကျော့ပြန်ပေါ်ပေါက်လာပါတယ်။
အန္တရာယ်များလွန်းလှတဲ့ အခြေအနေကြောင့် တောင်တက်အဖွဲ့ တော်တော်များများကတော့ အလောင်းတွေကို ပြန်မသယ်ဖို့ ဆုံးဖြတ်ကြပါတယ်။ အလောင်းတွေ ပြန်ရဖို့ဟာ ကုန်ကျစရိတ်လည်း ကြီးမားလှပြီး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ တသောင်းကနေ ၄ သောင်းလောက်အထိ ကုန်ကျနိုင်ပြီး၊ ရဟတ်ယာဉ်တွေ အကူအညီလည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။