သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ကိုယ်စားလှယ် ရုပ်သိမ်းရေး ဥပဒေ ပြဋ္ဌာန်းဖို့ ထပ်မံ တိုက်တွန်း


ပြည်ထောင်စုလွှတ်တော်၊နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်၊နေပြည်တော်။

လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ဆုံး အတည်ပြု ပြဌာန်း ပေးဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြည်ထောင်စု လွှတ်တော်ကို ထပ်မံ တိုက် တွန်း လိုက်ပါ တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင် ဒီဥပေဒကြမ်းကိုတင်ပြတာ ၄ကြိမ် ရှိပြီ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်မပြုနိုင်သေးတာကြောင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးနိုင်တယ်လို့လည်း သတိပေးထားတာပါ။ ဒါပေမဲ့လည်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် အဖြစ်က ဖယ်ရှားလိုက်တဲ့ တချိန်တည်းမှာ ထပ်မံတိုက်တွန်းမှုတွေ ထွက်ပေါ်လာတဲ့အပေါ် မြန်မာ့အရေးအကဲခတ်သူ တချို့ကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် က တကြိမ်၊ ၂၀၁၃ က တကြိမ်နဲ့ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့က တကြိမ် ပြည်ထောင်စု လွှတ်တော် နာယကထံကို ပေးပို့ခဲ့ပေမဲ့ အတည်ပြုပြဌာန်းနိုင်တာ မရှိသေး တာကြောင့် သြဂုတ်လ ၁၃ရက်နေ့မှာ ဆောလျင်စွာ အတည်ပြုပြဌာန်းပေးနိုင်ရေးအတွက် ထပ်မံတင်ပြခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို အတည်မပြုနိုင်သေး တာကြောင့် ကြုံတွေနေရတဲ့ အခက်အခဲ ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးသောင်းလှိုင်က အခုလို ပြောပါတယ်။

"လောလောဆယ်ဆယ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ရုပ်ဖို့ဆိုပြီး ကျနော်တို့ဆီကို တိုင်ကြားထားတာက ဆယ်ဖွဲ့လောက်ရှိတာပေါ့နော်။ ကျနော်သိသလောက်တော့ လွှတ်တော်ကိုယ်စားလှယ် အားလုံး ၁၀ယောက် လောက်ရှိမယ်ဗျ။ ဆယ်ယောက်လောက်ရှိတယ် ၁၂ လောက်ကတည်းက စတိုင်ထားတာ။ ကျနော်တို့ကတော့တင်ပြတာပေါ့ဗျာ။ သက်ဆိုင်ရာ လွှတ်တော်မှာတော့ ဆွေးနွေးနေကြတာပေါ့ဗျာ နော်။ သူတို့ ဆွေးနွေးနေတဲ့အခါကျတော့ သူတို့ဆီမှာ ဆုံးဖြတ်ချက် မပြတ်သေးဘူးပေါ့။ ဒီလိုတော့ သဘောရပါတယ်။"

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သက်ဆိုင်ရာမဲဆန္ဒရှင်တွေဟာ လွှတ်တော် တရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိကြောင်း၊ မူလမဲဆန္ဒရှင်တွေရဲ့ အနည်းဆုံး တရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဆီ တိုင်ကြားနိုင်ကြောင်း နဲ့ ပြည်ထောင်စု လွှတ်တော်ကလည်း လိုအပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က လိုအပ်တဲ့ ဥပဒေကို ပြဌာန်းမပေးနိုင်သေးတာကြောင့် မဲဆန္ဒရှင်တွေရဲ့ မူလအခွင့်အရေး ဆုံးရှုံးတဲ့သဘော သက်ရောက်နေကြောင်း လည်း ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ပေးပို့တဲ့စာမှ ဖော်ပြကြောင်း ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ရေးသားထားပါတယ်။

ဒီဥပဒေကြမ်းအတည်ပြုရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်အတွင်း ကြန့်ကြာနေတဲ့ အခြေအနေကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က အခုလို ပြောပါတယ်။

" အဲ့တော့ ဆိုပါစို့။ ပါတီစုံမှာ မဲဆန္ဒရှင် တရာ ပေးပိုင်ခွင့်ရှိတယ် ထားပါတော့။ နှစ်ယောက်ပြိုင်မယ်ပေါ့။ ၅၁ ရာခိုင်နှုန်း ရှိတဲ့သူက နိုင်သွားမှာပေါ့။ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းရတဲ့သူကတော့ ရှုံးသွားမှာပေါ့ဗျာ။ အဲ့တော့ တစ်ရာခိုင်နှုန်း ဆိုတဲ့ မဲဆန္ဒရှင် ဆုံးဖြတ်ချက်နဲ့ တင်ရကြေးဆိုရင် ၄၉ရာခိုင်နှုန်း နဲု့ ရှုံးတဲ့သူဘက်က စောဒက ခနခန တက်မှာပေါ့။ အဲ့တာဆိုရင် နိုင်ငံရေး မတည်ငြိမ်မှုဖြစ်သွားမှာပေါ့။ တစုံတခု အတိုင်းအတာတခုအားဖြင့် ရာခိုင်နှုန်း တခုတိုးဖို့ လိုမယ်။ အဲ့ ဒါလေးကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ဖို့ လိုပါတယ်။"

ဒီလို ကြန့်ကြာရတာကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားနည်းချက်ကြောင့်လို့ ယူဆကြကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

"ရွေးကောက်ခံ အမတ်တွေကို ဖြုတ်ချခွင့်ရှိရင် အရွေးကောက် မခံပဲနဲ့ တက်လာတဲ့ အမတ်တွေကို ဖြုတ်ချခွင့် မရှိဘူးလားဆိုတာလည်း စောဒက တက်ကြလိမ့်မယ်။ ဒီပြသနာကို ဘယ်လိုရှင်းမလဲဆိုရင် ပထမဆုံးရှင်းသင့်တာက တရာ ရာခိုင်နှုန်းသော လွှ့တ်တော် ကိုယ်စားလှယ်များ သည် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်ပြီးလို့ရှိရင် တရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်းနဲ့ ဖြုတ်ချခွင့်ကို လူထုကို ပေးသင့်တယ်။ အဲ့တော့ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ဖြစ်တဲ့ ၂၅ % ကို ရှင်းဖို့ လိုတယ်။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုဖို့ တင်ပြချိန်ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကို ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ်က ရုပ်သိမ်းချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

ဒီအခြေအနေအပေါ်မှာတော့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အခုလို ပြောပါတယ်။

"လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ဟာက နောက်ဆုံးအဆင့်ရောက်သွားပြီဗျ။ ဆွေးနွေး ပြီးသားကို မဲခွဲပြီးတော့ အတည်ပြုလိမ့်မယ်ပေါ့နော်။ တနည်းနည်းနဲ့ ဒါပဲ ရှိတော့တယ်။ အဲ့တာကို သူရဦးရွှေမန်းက နိုင်ငံရေးပါတီတွေနဲ့ ပြန်ပြီးတော့ တိုင်ပင်ပါဦး။ ဒီဥပဒေနဲ့ ဘာညာဆိုပြီး အဲ့လို အချိန်ဆွဲထားလိုက်ကြတာ။ အဲ့တော့ ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က တင်လာတယ်ဆိုတာက ဒီဥစ္စာက အတည်ဖြစ်သွားမယ်ဆိုရင် အတည်ပြုပေးလိမ့်မယ်ဆိုရင် သမ္မတကလည်း ဥပဒေအနေနဲ့ ထုတ်ပြန်ပေးမယ်။ နောက် ကော်မရှင်ကလည်း နည်းဥပဒေ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပြီးရင် ဒါဟာ ကျနော်ထင်တယ် ပထမဆုံး သူရဦးရွှေမန်းကို လွှတ်တော် အမတ်အဖြစ်ကနေ ပြန်ရုပ်ပေးဖို့ သူတို့ ထုတ်ဖို့ ကြံရွယ်တယ်နဲ့ တူပါတယ်။ "

လွန်ခဲ့တဲ့ ဇွန်လအတွင်းက ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့နောက် ဇူလိုင်လအတွင်းမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေး အတွက် မဲဆန္ဒရှင် ၃ရာခိုင်နှုန်းလောက် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့ထားရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG