သုံးရလွယ်ကူစေသည့် Link များ

လက်ပံတန်းမှာ သတင်းသမားတွေ အကြမ်းဖက်ခံရမှု မြန်မာသတင်းကောင်စီ (ယာယီ) ဝေဖန်


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ အခြေအနေကို လက်ပံတန်းမြို့မှာ သွားရောက် သတင်းယူခဲ့ကြတဲ့ သတင်းသမားတချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက် ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ အစိုးရနဲ့ သတင်းမီဒီယာ သမားတွေကြား ယုံကြည် လေးစားမှုနဲ့ နားလည်မှုတွေ ပြိုကွဲစေတယ်လို့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) က ဝေဖန်လိုက်ပါတယ်။

ဖမ်းဆီးခံ ထားရတဲ့ သတင်းသမားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆို ထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မနေ့က လက်ပံတန်းမြို့မှာ အာဏာပိုင်တွေက အင်အားသုံး ရိုက်နှက် ဖမ်းဆီးခဲ့တဲ့အထဲမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြတဲ့ ပင်မကျောင်းသားသပိတ် ဆန္ဒပြသူတွေအပြင် ဒေသခံတချို့နဲ့ သတင်းသမားတွေကိုလည်း ပါဝင်ခဲ့ပါတယ်။ ကျောင်းသားသပိတ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အများပြည်သူ သိအောင် သတင်းယူ တင်ပြပေးနေတဲ့ သတင်းသမားတွေကို အာဏာပိုင် အဖွဲ့တွေက ရိုက်နှက် ဖမ်းဆီးတာဟာ သတင်းမီဒီယာတွေနဲ့ အစိုးရကြား ယုံကြည်မှုနဲ့ လေးစားမှုတွေကို ပြိုကွဲစေတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ က ပြောပါတယ်။

“အစိုးရနဲ့ ကျောင်းသားတွေရဲ့ ဘက်နှစ်ဘက်ကို ကျနော်တို့ မီဒီယာတွေက ဘယ်ဘက်က မှန်တယ်၊ မှားတယ်ဆိုတာ မပြောလိုဘူး။ ကျနော့်အနေနဲ့လည်း မပြောလိုဘူး။ ဒါပေမဲ့ ဒီ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့သူတွေကို ဒီလို အကြမ်းဖက် နှိမ်နင်းတဲ့ ကိစ္စကိုလည်း လုံးလုံး ဆန့်ကျင်ကန့်ကွက်တယ်။ အဲ့ဒီလို အကြမ်းဖက် နှိပ်ကွပ်တဲ့အပြင်ကို ဆန္ဒပြနေတဲ့ သတင်းကော၊ ဒီလို အခြေအနေတွေအားလုံးကို ပြည်သူလူထုသိအောင်၊ ပြည်သူလူထုဆိုတဲ့ နေရာမှာ သတင်းသိခွင့်ရှိသူ နိုင်ငံသားအားလုံး သိအောင် သတင်းပြန်ကြားပေးတဲ့ တာဝန်ထမ်းနေတဲ့ သတင်းမီဒီယာ သမားတွေကိုပါ ရောပြီးတော့ ရိုက်နှက်ဖမ်းဆီးတာကတော့ ဒါ လွန်သွားတော့ပေါ့နော် ပိုပြီးတော့။ ဆိုလိုတာက သတင်းသမားဆိုတာ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလို အဓိကရုဏ်းတွေ ဖြစ်လို့ရှိရင် ယာယီဖော်ပြကြတာလေ။ သတင်းပေးကြတာကိုး အဲ့ဒါကို နိုင်ငံတကာ ဥပဒေတွေမှာကို သတင်းရယူတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက အကာအကွယ်တောင် ပေးရသေးတာ။ အခုက အကာအကွယ်မပေးတဲ့အပြင် သတင်းသမားတွေကိုပါ အငြိုးတကြီးနဲ့ ရိုက်တဲ့ပုံစံ ကျနော်တို့တွေ့ရတယ်။ ဒီဗွီဒီယိုဖိုင်တွေမှာရော၊ ဓာတ်ပုံတွေမှာရော။ ဒါဟာ အင်မတန်မှကို မလိုလားအပ်တဲ့ အပြုအမူတွေဖြစ်တယ်။ နောက်တချက်က သတင်းမီဒီယာတွေအနေနဲ့ အစိုးရအကြား၊ သတင်းမီဒီယာနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအကြား ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ပြိုကွဲသွားအောင် လုပ်တဲ့သဘောမျိုး ဆောင်တယ်။ ဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။”

သူတို့ရဲ့ မေးမြန်း စုံစမ်းချက်တွေအရ မနေ့က ဖမ်းဆီးခံရတဲ့အထဲမှာ သတင်းသမားနှစ်ဦး ပါဝင်ပြီး သူတို့နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ သေချာ မသိရသေးဘူးလို့ ကိုကျော်မင်းဆွေ က ပြောပါတယ်။

“ကျနော်တို့ လောလောဆယ် ရထားတဲ့ သတင်းအရတော့ နှစ်ယောက်ပေါ့နော်။ Reporter Journal က တယောက်ရယ်၊ နောက်တယောက်ကတော့ Myanmar Global Post ပေါ့နော် အဲ့ဒီဂျာနယ်က တယောက်ရယ်၊ တယောက်ကတော့ အကြီးတန်းသတင်းထောက်၊ တယောက်ကတော့ သတင်းထောက်ပေါ့နော်။ ကျနော် အဲ့ဒီ နှစ်ယောက်ရဲ့ အမည်စာရင်းကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနဆီကို ကျနော် ပို့ထားတယ်။ ပို့ထားပြီးတော့ နောက်ဆက်တွဲကတော့ အခုအချိန်ထိ မသိသေးဘူးပေါ့နော်။ အခုကတော့ သူတို့ အဲ့ဒီ သပိတ်မှောက် ကျောင်းသားတွေနဲ့အတူတူ အဲ့ဒီသာယာဝတီထောင်ပဲပေါ့နော်။ သာယာဝတီထောင်ကနေပြီးတော့ လက်ပံတန်းကို ဒီကနေ့ ရုံးထုတ်တယ်လို့တော့ ပြောတယ်။ အဲ့ဒီရုံးထုတ်တဲ့အထဲမှာ သူတို့ ပါ မပါ သူတို့ နောက်ဆက်တွဲ အခြေအနေ ဘာလဲဆိုတာ ကျနော် မသိသေးဘူးဗျ။”

ဆန္ဒပြပွဲမှာ ပါဝင် ဆန္ဒပြတာမဟုတ်ဘဲ အခြေအနေကို လိုက်ပါ သတင်းယူနေတဲ့ သတင်းသမားတွေကို ခုလို ရိုက်နှက် ဖမ်းဆီးတာဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေကို မလေးမစားပြုရာ ကျတယ်လို့လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဝေဖန်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်တဲ့အကြောင်းနဲ့ ဖမ်းဆီး ထားသူတွေကို ချက်ချင် ပြန်လွှတ်ပေးဖို့လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က မတ်လ ၁၀ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

XS
SM
MD
LG