သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာချေးငွေ လေလွင့်မှုဖြစ်မှာ လွှတ်တော် အမတ်တွေ စိုးရိမ်


ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

မြန်မာအစိုးရ ဝန်ကြီးဌာန ၄ခုမှ နိုင်ငံတကာကနေ နှစ်ရှည်ချေးငွေရယူဖို့အတွက် ဒီကနေ့ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တဲ့ အပေါ်မှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။ အစိုးရသက်တမ်းကုန်ခါနီးမှာ ဒီလိုချေးငွေတွေ ရယူသုံးစွဲတာက နောက် လာမယ့်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ် လို့လည်း ထောက်ပြပြောဆို မှုတွေရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မမေခ က သတင်း ပေးပို့ထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန (၄) ခုက ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကနေ အမေရိကန် သန်း (၄၀၀) နီးပါး ချေးယူဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ ပါတယ်။ ချေးယူမယ့် ဝန်ကြီးဌာနတွေ ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန တို့ဖြစ်ပါတယ်။ ဒီလိုအမေရိကန် ဒေါ်လာသန်း (၄၀၀) နီးပါး ချေးယူမယ့် အပေါ်မှာ လွှတ်တော် အမတ်အချို့က ခုလိုဝေဖန်ပြောဆို ခဲ့တာပါ။ လွှတ်တော်ကိုတင်ပြလာတဲ့ချေးငွေတွေအပေါ်မှာ လွှတ်တော်အမတ်တွေ ကထောက်ပြမှုတွေလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်မှုကြောင့် လွှတ်တော် အမတ်တွေရဲ့ထောက်ပြချက်တွေက အရာမထင် လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်မောင် ရည်က ခုလိုပြောပါတယ်။

"ချေးေငွေတွေနဲ့ ပါတ်သက်ပြီးတော့မှ အငြင်းအခုန် ဘယ်လောက်ပဲပြောပြော ကိုယ့်ဖက်က ငြင်းပိုင်ခွင့်အင်အားနည်းတယ်ဆိုတာကို ကျနော်တို့က ကောင်းကောင်း သိလာပါတယ်။ ဒါဟာ ဘာလည်းဆိုရင် ကျနော်တို့က အနိုင်ရပါတီ မဟုတ်ဘူး။ နောက်ပြီးတော့ အနိုင်ရ အဖွဲ့အစည်းတစ်ဖွဲ့ မဟုတ်တဲ့ အတွက် ကျနော်တို့ လူနည်းစုကပဲ ထပြီးတော့ ကန့်ကွက်ပြော ဆိုကြရတာ ဖြစ်ပါတယ်"

ချေးငွေရယူတာမှာ နှစ်ရှည်ချေးငွေတွေဖြစ်ပေမယ့် ဒီလိုချေးယူမှုဟာ ပြည်သူ့ဘဏ္ဍာ မှပြန်လည်ပေးဆပ်နေရတာဖြစ်ကြောင်း၊ ချေး ငွေယူလုပ်ဆောင်တာမှာလဲ အလေအလွင့်တွေရှိနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အနိမ့်ဆုံးကာလ၊ အဂတိလိုက်စားမှုမြင့်မားနေ တယ်လို့နိုင်ငံတကာထောက်ပြမှုတွေရှိနေတဲ့ကာလနဲ့ ခုလက်ရှိမြန်မာနိုင်ငံအနေနဲ့ချေးငွေရယူမှုဟာလေလွင့်မှုများ နေကြောင်း ဒီလိုချေးငွေတွေရယူသုံးစွဲတာက နောက် လာ မယ့်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ်လို့လည်း ပြည်သူတွေ ကထောက်ပြနေကြတယ် လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုး ညိုက အခုလိုပြောပါတယ်။

"ဘယ်တုန်းကမှ လျှပ်စစ်မီး မရနိုင်တဲ့နေရာတွေမှာ လျှပ်စစ်မီးပေးမယ်တို့ ရွာတိုင်းရွာတိုင်း ပိုက်ဆံဘယ်လောက်ချီးမယ်တို့ ဘာတို့ညာတို့ဆိုတာတွေဟာ ဒါတွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ သုံးနေကြသလားပေါ့နော်။ ဖွံ့ဖြိုးရေးလုပ်တယ် ဒေါ်အောင်ဆန်းစုကြည်ပိုက်ဆံမဟုတ်သလို ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ ပိုက်ဆံလည်းမဟုတ်ဘူး ဒါ နိုင်ငံတော်ရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ဘဏ္ဍာ နဲ့ အခွန်အထုတ်ကရတဲ့ ငွေတွေနဲ့ ကျနော်တို့က အခုလိုမျိုး ဖွံ့ဖြိုးရေးတွေ လုပ်ပေးတာ"

လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်-ဒလ လူကူးကြိုးတံတား အရှည် (၆၀၀၀) ကျော်ရှိတဲ့ တံတားဆောက်လုပ်ရေး အတွက် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကျော်ချေးယူမှာဖြစ်ပြီး၊ ဒီလိုလုပ်ဆောင်ဖို့ အတွက်လည်း စစ်တမ်း ကောက်ယူထားပြီးကြောင်း၊ တံတားဆောက် လုပ်ဖို့အတွက် ဒလဘက် ကမ်းမှာ ရှိနေတဲ့နေရာ အချို့ကိုဖယ်ရှားမယ် လို့လည်းပြောဆိုလိုက်ပါ တယ်။ ဒီလိုဖယ်ရှားတာမှာလျော်ကြေးငွေပေး သွားမယ်လို့လည်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လွင်က ခုလိုပြောပါတယ်။

"စီမံကိန်းနယ်နဲ့ ပါတ်သက်ပြီးတော့ မလွတ်ကင်းတဲ့ အဆောက်အဦးတွေများ အကြမ်းဖျင်း တင်ပြရင် ရန်ကုန်ဖက်ကမ်းမှာ စီမံကိန်းနယ်အတွင်း အဆောက်အဦးများ ထိခိုက်မှုတွေ မရှိပါဘူး။ ဒလဖက်ကမ်းမှာတော့ ဗိုလ်မင်းရောင်လမ်းနဲ့ စီမံကိန်းနယ်မြေအတွင်း အဆောက်အဦးအချို့ စာသင်ကျောင်း ဗုဒ္ဓရုပ်ပွါးတော် လမ်းဘေးဈေးဆိုင်များ ရှိပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပါတ်သတ်ပြီးတော့ အနည်းဆုံးမလွတ်ကင်းတဲ့ ဟာကိုပဲ ကျနော်တို့ဖျက်သိမ်းတာမျိုးနဲ့ ပြန်လည်နေရာချထားတာမျိုး လုပ်မှာဖြစ်ပြီးတော့ ဒီဟာနဲ့ပါတ်သက်တဲ့ နစ်နာကြေးများကိုလည်း ထိုက်သင့်သလို ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ ပေးသွားမှာဖြစ်ပါတယ်"

လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးရေး ပြုပြင်ဖို့အတွက် ဂျပန်ကနေ အမေရိကန်ဒေါ်လာသန်း (၆၀) နီးပါးချေး ယူမှာ ဖြစ်ပြီး ရန်ကုန် မြို့ (၁၆) မြို့နယ်မှာ လျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ဆောင်မယ်လို့ လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ဒီကနေ့လွှတ် တော်မှာ ပြောပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း သီလဝါအထူးစီးပွားရေးဇုံအတွက် ဆိပ်ကမ်း တည်ဆောက်ဖို့ ဂျပန်က နေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ချေးမှာပါ။ ဒီဆိပ်ကမ်းကို လာမယ့်ဇွန်လမှာ စတင်ဆောက် လုပ်မှာဖြစ်ပြီး အရင်က လည်း ဆိပ်ကမ်းဆောက်ဖို့ အတွက် ပထမအရစ် အနေနဲ့ အမေရိကန်ဒေါ် လာ သန်း (၈၀) နီးပါးဂျပန် ကနေချေးယူထားတယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးဦးဟန် စိန်ကပြောဆိုလိုက်ပါတယ်။

လက်တလောမှာ ငွေကြေးလည်ပတ်မှုအခက်ခဲကြောင့် မဖွံ့ဖြိုးနိုင်သေးတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးနိုင်ဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ သန်း (၄၀) ကျော်ချေးယူမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝန်ကြီးဌာန အသီးသီးကချေးငွေတွေရယူတာနဲ့ ပါတ်သတ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာလင်းအောင် က ချေးငွေတွေရယူတာနဲ့ပါတ်သက်ပြီး ခုလိုပြောပါတယ်။

"ဒီချေးငွေပေးအပ်တဲ့ အဖွဲ့အစည်းများရဲ့ မူဝါဒ ရည်မှန်းချက် စည်းကမ်း သတ်မှတ်ချက်များနဲ့ ကိုက်ညီပြီးတော့မှ ချေးငွေပေးအပ်မယ့် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက် စည်းကမ်းသတ်မှတ်ချက်တွေကို လက်ခံနိုင်မှု ချေးငွေပေးတဲ့ လူတွေကလည်း ချေးငွေရယူတဲ့ အပေါ်မှာ ယုံကြည်မှုတို့ ပြည့်စုံမှသာ ချေးငွေတွေ ရယူနိုင်တာဖြစ်ပါတယ်"

ဒီကနေ့လွှတ်တော်မှာ တင်သွင်းမှုအရ ဝန်ကြီးဌာန (၄) ခုက ချေးယူမယ့် အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါးဟာ အတိုးနှုန်း ဝ.၀၁ နှုန်းနဲ့ နှစ်ရှည်နှစ် (၄၀) နီးပါးပေးဆပ်ရမယ့် နှစ်ရှည်ချေးငွေတွေဖြစ်ပါတယ်။ ဒီချေးငွေတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လာမယ့်တနင်္လာနေ့ ၂၅ရက်နေ့မှာ လွှတ်တော်အမတ်တွေ က အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

XS
SM
MD
LG