သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသမ္မတ ရာထူးက ဆင်းပေးဖို့ ဝန်ကြီးကယ်ရီ ပြောဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်အနေနဲ့ ရာထူးကဆင်းပေးရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ဆင်းပေးရမယ်ဆိုတာကိုတော့ စေ့စပ်ဆွေးနွေးပြီး ဆုံးဖြတ်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အီရန်နိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံမှာ သူတို့ရဲ့သြဇာလွှမ်းမိုးမှုကိုအသုံးချပြီး အာဆတ်ကို စေ့စပ်ဆွေးနွေးလာ အောင် စည်းရုံးသင့်တယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ စနေနေ့တုန်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Phillip Hammond နဲ့ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဝန်ကြီးကယ်ရီက အခုလို ပြောခဲ့တာပါ။ ဒါ့အပြင် ဥရောပ တိုက်ကို ရွှေ့ပြောင်းဒုက္ခသည်တွေအဖြစ် ဝင်ရောက်လာနေတဲ့ ဆီးရီးယားဒုက္ခသည်တွေနဲ့ ဆီးရီးယားပြည်တွင်းစစ် ဆက်စပ်နေမှုနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောဆိုခဲ့ပါတယ်။

၄ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတာ၊ အခုလို လူအစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေမှုရဲ့အဓိက အကြောင်းရင်းဖြစ်တယ် လို့ သူကဆိုပါတယ်။ အာဆတ်နဲ့ စေ့စပ် ညှိနှိုင်းဖို့လိုအပ်ပြီး ဆီးရီးယားအပေါ် သြဇာညောင်းတဲ့ ရုရှား၊ အီရန်နဲ့ တခြား ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဒီလိုစေ့စပ်ညှိနှိုင်းဖို့ ကူညီလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နင်းသွားဖို့ ရုရှားအနေနဲ့ ပိုပြီး လုပ်ဆောင်လာနေတဲ့ ဒီအခြေအနေပေါ်ကနေ ဆီးရီးယားအရေး နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ပြောဆိုခဲ့တဲ့အပြင် ဒါဟာ သူတို့ရဲ့ရည်ရွယ်ချက် ဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

၂၀၁၁ ခုနှစ်က စတင်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကို ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်နိုင်မလဲဆိုတာကို ရုရှားနဲ့ အနောက် နိုင်ငံတွေကြား သဘောမတူ ဖြစ်ခဲ့ကြတာပါ။ ဆီးရီးယားသမ္မတ ဘက်ရှား အယ်လ်အာဆတ် ဆက်ပြီး အာဏာရှိနေသမျှ ကာလပတ်လုံး ပဋိပက္ခတွေ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ယူဆပြီး ရုရှားဘက်ကတော့အာဆတ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့မဆုံးဖြတ်ခင်မှာ ဆီးရီးယားနိုင်ငံတွင်းက အစွန်းရောက်တွေရဲ့ခြိမ်းခြောက်မှု အန္တရာယ်ကို အရင်နှိမ်နင်းဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်ခင်ဗျာ။

XS
SM
MD
LG