သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ချင်းပြည်နယ် သွား


ကုလလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်။ (၀၈၊ ၁၃၊ ၂၀၁၃)
ကုလလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်။ (၀၈၊ ၁၃၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့မှာတော့ သူ့ရဲ့ တတိယခရီးစဉ်ဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဆီ သွားရောက်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာတော့ ဘာသာရေးအရ ခွဲခြားခံရမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖွယ်ရှိနေပြီး ဒေသခံ ချင်းလူမှုအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာတဲ့ မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေအပြီးမှာတော့ သူ့ရဲ့ တတိယနေ့ ခရီးစဉ်အဖြစ် ချင်းပြည်နယ်ကို ဒီကနေ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်မှာတော့ အဓိက မင်းတပ်မြို့ကို သွားရောက်တာ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“မင်းတပ်ကို သွားနေပါတယ်။ ကျနော်တို့ကတော့ မင်းတပ်ကို မရောက်သေးပါဘူး။ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။”

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ဖို့ရှိတယ်ဆိုတာကိုတော့ ဦးအေးဝင်းက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
ချင်းပြည်နယ်ခရီးစဉ်မှာတော့ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သွားရောက်မှာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ မင်းတပ်မြို့မှာတော့ ချင်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးနေနိုင်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်တို့အဖွဲ့က လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာတော့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးနေနိုင်းက ပြောပါတယ်။

“ည ၇ နာရီ၊ ၈ နာရီလောက်ကျရင်တော့ မင်းတပ်က ဘာသာရေးအဖွဲ့တွေ ဘာတွေ ဆက်ရင် ဆက်ကြည့်လိုက်ပေါ့။ သူတို့နဲ့ အဓိက တွေ့စရာရှိတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတွေ့မယ့်လူတွေက ဘယ်အဖွဲ့တွေလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ သူနဲ့တွေ့ချင်တယ်ဆိုတာ သူ့ဟာနဲ့သူပဲ အဖော်နဲ့ လာမယ်ထင်တယ်။ အဲလောက်အထိတော့ ကျနော်လည်းမသိဘူး။ ကျနော်တို့ကျတော့ အစိုးရအဖွဲ့တွေနဲ့တွေ့မယ်။ ဘာပြောမလဲဆိုတာတော့ သူပဲသိမယ်။ ကျနော်တို့ကတော့ ဘာမှ မသိဘူး။ သူမေးတာတွေပဲ ကျနော်တို့ ဖြေရမှာပဲ။”

လွန်ခဲ့တဲ့နှစ်အတွင်းကတော့ ချင်းပြည်နယ်အတွင်းမှာ ဒေသခံပြည်သူတွေအများစုကိုးကွယ်ရာ ဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာအပေါ်မှာ ခွဲခြားဖိနှိပ်တာတွေ ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” ဆိုတဲ့အမည်နဲ့ အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ခရစ်ယာန် ဘာသာဝင်တွေ အထွဋ်အမြတ်ထားတည်ဆောက်ထားတဲ့ ခရစ်ယာန်လက်ဝါးကပ်တိုင်တွေကို ဖြိုချတာနဲ့ အစိုးရက ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲကို အတင်းသွတ်သွင်းတာတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

မြန်မာပြည်အနောက်မြောက်ပိုင်း၊ ချင်းပြည်နယ် မင်းတပ်မြို့မှ ချင်းတိုင်းရင်းသားမောင်မယ်။
မြန်မာပြည်အနောက်မြောက်ပိုင်း၊ ချင်းပြည်နယ် မင်းတပ်မြို့မှ ချင်းတိုင်းရင်းသားမောင်မယ်။


မင်းတပ်မြို့က ချိုချင်းအမျိုးသား လူငယ်အဖွဲ့က ဒီကနေ့ ညနေပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ သူတို့အဖွဲ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖိနှိပ်ခံရတဲ့အကြောင်းနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို တင်ပြဖို့ ရှိတယ်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌ ကိုရှယ်အောင်က ပြောပါတယ်။

“ကျနော်တို့ စဉ်းစားထားတာကတော့ ကျနော်တို့ ဗုဒ္ဓဘာသာက လူနည်းစုကလေးဖြစ်တယ်။ တကယ့် ဗုဒ္ဓဘာသာ လူနည်းစုတွေရဲ့ ချိုးဖောက်ခံရမှုကိုကျတော့ ဘယ်သူမှ မပြောဖူးတော့ ဘယ်သူမှလည်း မသိဘူး။ အဲဒါလေးကိုလည်း ကျနော် သေချာပြောမယ်လို့တော့ စဉ်းစားထားတယ်။ ပြီးတော့ ကျနော်တို့ အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ကိစ္စပေါ့လေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ ပေးထားတဲ့အတိုင်း လိုက်နာပြီးတော့ ကျနော်တို့ကတင်တယ်။ အခုအချိန်အထိ မကျလာဘူးပေါ့နော်။ ပြီးတော့ ကျနော်တို့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတဲ့ ဥပဒေလည်း ထွက်ရဲ့သားနဲ့ ၂၀၁၃ ပဲပေါ့လေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကြေးမုံသတင်းစာမှာ ချင်းတမျိုးသားလုံးကို ချိုးနှိမ်စော်ကားထားတဲ့ကိစ္စ၊ ဆန္ဒဖော်ထုတ်ဖို့ တင်ပြတဲ့ဟာလိုမျိုးကိုလည်း ၂ ကြိမ်တိတိ အပယ်ခံရတဲ့ကိစ္စ- အဲလိုမျိုးပေါ့လေ။ အာဏာပိုင် အဖွဲ့အစည်းကနေ ခွင့်မပြုဘဲ လျစ်လျှူရှုတဲ့အပိုင်းတွေ တင်ပြမယ်ပေါ့လေ။ အဲလို စဉ်းစားထားပါတယ်။”

ဒါ့အပြင် ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့က ပြုစုထားတဲ့ မြွေတောင်၊ ဖားတောင် သတ္တုတူးဖော်ရေး စီမံကိန်းကိစ္စ စာတမ်း ၃ စောင်တို့ကိုလည်း တင်ပြသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

မစ္စတာကင်တားနားဟာ လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ထွက်ခွာဖို့ရှိနေပြီး သူ့ရဲ့မြန်မာပြည် ၁၀ ရက်ခရီးစဉ်အတွင်းက လူ့အခွင့်အရေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို အဲဒီနေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ဖို့ ရှိနေပါတယ်။
XS
SM
MD
LG