သုံးရလွယ်ကူစေသည့် Link များ

မြောက်ဦးပစ်ခတ်မှု အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ


ancient pagoda in Mrauk-U, Rakhine
ancient pagoda in Mrauk-U, Rakhine

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု တချို့ ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတဲ့အကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက်ပွဲဖြစ်တာလို့ ပြောပေမဲ့ AA အဖွဲ့ ကတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအတွင်း ဒီမနက်ပိုင်း ပစ်ခတ်မှုတွေကြောင့် ရွာ သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သလို တပ်မတော်က ဖမ်းဆီးခေါ်ဆောင် ခံရသူ တချို့လည်းရှိခဲ့တဲ့အကြောင်း ဒေသခံတွေ ပစ်ခတ်မှုတွေကနေ တိမ်းရှောင် ထွက်ပြေး လာတဲ့ အောက်သ ကန်ရွာသားတဦးက အခုလို ပြောပါတယ်။

“မြန်မာ့တပ်မတော်က ရွာထဲကိုသေနတ်တွေ တအားပစ်ပြီး ဝင်လာတယ်။ အိမ်ပေါ်မှာ ရှိတဲ့ လူအကုန်လုံးကို ဆွဲချ တယ်။ ဆွဲခေါ်ပြီးရင် ခေါ်နှိပ်စက်တာပေါ့ဗျာ။ အားလုံး အောက်သကန်မှာ ၂ ယောက်သေတယ်။ ကျားတဦး၊ မ တ ဦး သေတာလေ။ ကျန်တဲ့ ဒဏ်ရာရတဲ့ သူအများကြီးပါ။ တရွာလုံးကိုဝင်ပြီး မွှေခဲ့တယ်လေ။ သေနတ်ထိမှန် တာ တွေရော အရိုက်ခံရတယ်သူတို့။ တရွာလုံးက ကြောက်လန့်နေကြတယ်လေ အခုက။ တိုက်ပွဲမဖြစ်ဘူး၊ တိုက်ပွဲ မဖြစ်ဘူး။”

ဒီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ မြောက်ဦး မဲ ဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း အောက်သကန် ရွာအတွင်း ပစ်ခတ်မှုအခြေအနေကို အခုလို အတည်ပြုပါတယ်။

“ဖြစ်တာကတော့ ၆ နာရီခွဲလောက်က အဲဒီအသံကြားရပါတယ်။ ထိခိုက်မှုကတော့ အသက် ၇၀ အရွယ် ဦးဖိုးခင်ဆိုတဲ့ လူကြီးတယောက်ရယ်။ မစံပယ်ဆိုတဲ့ ၂၅ နှစ် အမျိုး သမီးတယောက်ရယ် သေပါတယ်။ ကျန်တဲ့ ၇ ယောက်ကတော့ ဆေးရုံမှာပဲ ဆေးကုသ ခံနေရပါတယ်။ မြောက်ဦဆေးရုံမှာက ၄ ယောက်ပါနော်။ ကျနော်တို့ တိမ်ညိုမှာတော့ ၂ ယောက်ပါ။ အရေးပေါ်လူနာတင်ယာဉ်နဲ့ဘဲ စစ်တွေကိုတယောက်ခေါ်သွားပါတယ်။ သူတို့ ပြောတာကတော့ တပ်မတော်စစ်ကြောင်းက ပစ်တယ်လို့ပြောတာပါပဲ။ တိုက်ပွဲဖြစ်တယ် လို့တော့ ကျနော့်ကို မပြောပါဘူး။ အဖမ်းဆီးခံရတာကတော့ ၈ ဦးလောက် ကျနော့်ကို ချပြကြပါတယ်။”

အောက်သကန်ရွာပစ်ခတ်မှုဟာ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ တဖက်သတ်ပစ်ခတ် တယ် လို့ ဒေသခံတွေက ပြောပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဗွီအိုအေကို ပြောပါ တယ်။

“တိမ်ညိုကျေးရွာရဲ့အရှေ့ဘက်မှာ အောက်သကန်ဆိုတဲ့ရွာ ရှိတယ်။ အဲဒီမှာ ကျနော်တို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့တပ်မတော်စစ်ကြောင်းက အောက်သကန်ရွာရဲ့ မြောက်ဘက်မှာ အဲဒီစစ်ကြောင်းက ဖြတ်သွား နေတဲ့အချိန်မှာ အောက်သကန် နားလေး က နေပြီးတော့မှ AA အဖွဲ့ကနေ တပ်ကို ပစ်တယ်။ တပ်ကနေပြီးတော့ ပြန်ပြီး ပစ်တယ်။ ပစ်တဲ့အခါမှာ AA အဖွဲ့က အောက်သကန်ရွာထဲဝင်ပြီး ပြေးတယ်။ တပ်ကနေပြီး လိုက်ရှင်း တယ်။ လိုက်ရှင်းတော့အောက်သကန်ရွာရဲ့အဝင်မှာ မိုင်းနှစ်လုံးခွဲတယ်။ အပြန်အလှန် ထိတွေ့မှုကတော့ မိနစ် ၂၀၊ မိနစ် ၃၀ လောက်ဖြစ်နိုင်တယ်။ အရပ်ဝတ်တွေနဲ့ပဲလေ ပစ်ပြီး ပြေးကြတယ်။ စစ်ဆေးမေးမြန်းသင့်တဲ့ လူတွေကို တော့ ကျနော်တို့ စစ်ဆေး မေးမြန်း တာ ရှိပါတယ်။”

ဒီလိုပစ်ခတ်မှုအတွင်း ထိခိုက်မှုကိုတော့ သတင်းအချက်အလက် အတိအကျမရသေးလို့ မပြောနိုင်သေးကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အောက်သကန်ရွာပစ်ခတ်မှုဟာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်လို့ တပ်မတော် ကပြောပေမဲ့ ရခိုင့် တပ်မတော် AA ကတော့ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့တာ မရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောဆို ပါတယ်။

“ဒီမနက်မှာတိုက်ပွဲဖြစ်တာလုံးဝ မရှိဘူးဗျနော်။ အဲဒီရွာမှာတိုက်ပွဲဖြစ်တာမဟုတ်ဘူး။ သူ တို့ ဗမာစစ်တပ်က နေပြီးတော့ တိမ်ညိုတံတားပေါ်ကနေပြီးတော့မှ အောက်သကန်ရွာ ဘက်ကိုလှမ်းပြီးတော့ပစ်တာ။ ဒီဗမာစစ်တပ် ဟာ သက်သက် ရွာထဲဝင်ပြီး အဓမ္မပစ်တာ။ ဒါ ရခိုင်တွေကိုလူမျိုးရေးအရအမုန်းတရားအပေါ် အခြေခံပြီးတော့ မတရားအနိုင်ကျင့် ပစ်ခတ်သတ်ဖြတ်တာဖြစ်တယ်။ ဒါဟာနေပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။”

ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့ကလည်း ဘူးသီးတောင် မြို့နယ်စည်တောင်ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရမှုကြောင့်ရွာသား ၅ ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့သလို လူဦးရေ ၄၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီပစ်ခတ်မှုမှာလည်း တပ်မတော်ဘက်က AA နဲ့ တိုက်ပွဲဖြစ်ပွါးမှုကြောင့်လို့ ပြောဆို ထားသလို ရခိုင့်တပ်မတော် ဘက်က တိုက်ပွဲဖြစ်ပွါးခဲ့တာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

မတ်လအတွင်းဖြစ်ပွါးနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ်ပစ်မှတ်ထား တိုက်ခိုက်လာတာ ပိုမို များပြားလာနေတယ်လို့ ဒေသခံတွေကပြောဆိုနေသလို မြန်မာ့ တပ်မတော်အနေနဲ့ အရပ်သားတွေကို ပစ်ခတ် တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

လက်ရှိမြောက်ဦးမြို့နယ်ဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်စဉ်နဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒေသခံရွာသား ၆၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် AA နဲ့ဆက်နွယ်နေတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးခံနေရမှုတွေအပြင် နှစ်ဖက် စစ်ရေးပဋိပက္ခအတွင်း ရိုက်နှက်ခံရမှု သတ်ဖြတ်ခံရမှုစတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ဒဏ်တွေကိုလည်း ခံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG