သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရထားလမ်း ဖောက်မှုကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ် ပျက်စီး


ရထားလမ်း ဖောက်မှုကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ် ပျက်စီး
ရထားလမ်း ဖောက်မှုကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ် ပျက်စီး

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိ ဖောက်လုပ်နေတဲ့ စစ်တွေ၊ အမ်း၊ မင်းဘူး ရထားလမ်း စီမံကိန်းကြောင့် မြောက်ဦးမြို့က ရှေးဟောင်း ဘုရားစေတီ ပုထိုးတွေနဲ့ သမိုင်းဝင် ကျုံး၊ မြို့ရိုး၊ တံတိုင်း စတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြိုချ ဖျက်ဆီးခံနေရပါတယ်။ ဒေသခံတွေနဲ့ ရဟန်းတော်တွေက မေတ္တာရပ်ခံ တားဆီးနေပေမဲ့ အခုချိန်ထိတော့ ရပ်တန့်သွားတာ မရှိသေးပါဘူး။ ဒီလို ဖြိုချ ဖျက်ဆီးနေတာဟာ UNESCO ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ မူနဲ့ ဆန့်ကျင်နေပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်း သုတေသန အက်ဥပဒေကို ချိုးဖောက်တာ ဖြစ်သလို ရခိုင်အမျိုးသား ယဉ်ကျေးမှုကို ဖျက်ဆီး ဖျောက်ဖျက်တာ ဖြစ်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဆက်သွယ်ဖို့အတွက် အမျိုးသား မီးရထားလမ်း ကွန်ယက် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေရာမှာ စစ်တွေ၊ အမ်း၊ မင်းဘူး ရထားလမ်း စီမံကိန်းဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းက ဒီ စစ်တွေ၊ အမ်း ရထားလမ်းပိုင်းက မြောက်ဦးမြို့ကို ဖြတ်သန်း ဖောက်လုပ်နေတာပါ။

ဒီလို ရထားလမ်း ဖောက်လုပ်တာကြောင့် သမိုင်းဝင် မြောက်ဦးမြို့က ရှေးဟောင်း ဘုရားပုထိုးတွေနဲ့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် အတော်များများ ဖြိုချ ဖျက်ဆီးခံနေရတယ်လို့ မြောက်ဦးဒေသခံ တယောက်က ပြောပါတယ်။

“စဝင်ကတည်းက အဲဒီမှာ ဘာတွေကို ဖြတ်သွားလဲဆိုတော့ သဘင်သည် မြို့ရိုးရယ်၊ သံဇင်တံ တောင်တန်းပေါ်မှာ ရှိတဲ့ ဘုရားပုထိုး စေတီတွေ အကုန်လုံး ဘက်ဖို့ဒ် ကားကြီးတွေနဲ့ မြေတူးစက်ကြီးတွေနဲ့ ထိုးချလိုက်တော့ အကုန်လုံး တောင်ပေါ်မှာ တိုးလို့ တွဲလောင်းနဲ့ ပြိုပျက်သွားပါတယ်။ အဲဒီက ဖြတ်ပြီးတော့ ငကျေးအိုင်ကျုံးကြီးကို ဖြတ်သွားပါတယ်။ အဲဒီက လာပြီးတော့ မင်္ဂလာ့မာန်အောင် တံတိုင်းကို ထိပါတယ်။ အဲဒီတံတိုင်းလည်း ပျက်သွားပါတယ်။

“အဲဒီက ဖြတ်လာပြီးတော့ ရွှေစင်္ကြန်ဆိုတဲ့ စင်္ကြန်လမ်းကြီးပေါ့၊ အဲဒီလမ်းကြီးကိုတော့ ဘက်ဖို့ဒ်ကားကြီးနဲ့ ထိုးချလိုက်တော့ ရှေးခေတ်က၊ မြောက်ဦးခေတ်တုန်းက အသုံးပြုခဲ့တဲ့ မင်းသမီး ရေတံခါးက ထွက်လာတဲ့ ရေလွှတ်ပြွန်တွေ အကုန်လုံး ဖုံးအုပ်သွားပါတယ်။”

ပျက်ဆီးသွားတဲ့ အထဲမှာ ရှင်ဂိုက်တံတိုင်းခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင်ခံတပ်၊ ပြည်စိုးကြီးဘုရားနဲ့ ရှေးဟောင်း ပိဋကတ်တိုက်၊ နောက် ရဲလှကျုံးနဲ့ ရဲလှတံခါးတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဒီလို ဖြိုချ ဖျက်ဆီးတာကတော့ ဒီလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က စတင်တာ ဖြစ်ပါတယ်။

ဒီလ ၁၄ ရက်နေ့မှာတော့ မြောက်ဦး သုတေသန ဌာနခွဲ တာဝန်ခံက ကန့်ကွက်တားမြစ်ပေမဲ့ မြောက်ဦးခရိုင် ခယက ဥက္ကဋ္ဌနဲ့ မြောက်ဦး သုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူးတို့က လက်မခံဘဲ အခုထိ ဆက်လက် ဆောင်ရွက်နေပါတယ်။

မီးရထားဌာနကတော့ ပျက်စီးသွားတာတွေကို ရှေးမူမပျက် ပြန်လည် တည်ဆောက်ပေးပါမယ်လို့ ကတိပေးပေမဲ့ မြောက်ဦးမြို့ခံတွေကတော့ ဒါကို လက်မခံနိုင်ဘူးလို့ ဆက်ပြောပါတယ်။

“ရထားအဖွဲ့ကတော့ အဲဒီ ပျက်စီးသွားတဲ့ ရှေးဟောင်း အဆောက်အဦးတွေကို ပြုပြင်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘက်ဖို့ဒ်ကားကြီးတွေနဲ့ မြေတူးစက်ကြီးတွေနဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားပုထိုးတွေကို ထိုးချလိုက်တဲ့ အခါမှာ တောင်ရဲ့ ကမ်းပါးယံပမာ ကွေးနေတဲ့ ရှေးဟောင်း အဆောက်အဦးတွေကို ရှေးမူမပျက် ပြုပြင်ပေးမယ် ဆိုတာကတော့ ကျနော်တို့ နားမလည်နိုင်စရာပါပဲ။

“ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေကို မြေတူးစက်ကြီးတွေနဲ့ ဖြိုဖျက်ပြီးတော့မှ အဲဒီနေရာမှာ အစားထိုးပြီး တည်ဆောက်ပေးမယ် ဆိုတာကတော့ အင်မတန်မှ ရယ်စရာကောင်းတဲ့ လုပ်ငန်းလို့ ကျနော်တို့ ထင်ပါတယ်ခင်ဗျ။”

တကယ်လို့ ရထားလမ်း ဆက်လက် ဖောက်လုပ်သွားမယ်ဆိုရင် သမိုင်းဝင် ကိုးသောင်းဘုရားကြီးကိုပါ ထိခိုက်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဂျပန်နိုင်ငံ ခန်းဒတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းကတော့ ဒါဟာ UNESCO ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ မူနဲ့ ဆန့်ကျင်နေပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်းသုတေသန အက်ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂ UNESCO က ချထားတဲ့မူလည်း ရှိပါတယ်။ လူ့ယဉ်ကျေးမှုနဲ့ လူ့သမိုင်းနဲ့ ပတ်သက်တဲ့ အထောက်အထား၊ အမွေအနှစ်များကို တတ်နိုင်သမျှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့မူ ရှိပါတယ်။ အဲဒါအပြင် ကျနော်တို့ မြန်မာနိုင်ငံမှာ ရှေးဟောင်း သုတေသန အက်ဥပဒေဆိုတာ သီးသန့် ပြဋ္ဌာန်းထားတာ ရှိတယ်ခင်ဗျ။ ရှေးဟောင်းပစ္စည်းတွေ ရှိတယ်လို့ ယူဆလို့ရှိရင် မတူးရဘူး၊ မဆွရဘူး။ ဘေးတောင် မတူးရဘူးခင်ဗျ။ အဲလောက်ထိ ဥပဒေက ကြီးတာ။ အဲဒါကို သူတို့က ဖြိုဖျက်တယ်ဆိုတော့ စဉ်းစားကြည့်၊ ဥပဒေကို ဘယ်လောက်ချိုးဖျက်လဲ ဆိုတာကို။”

ဒီလို ရှေးဟောင်း အမွေအနှစ်တွေကို ဖြိုဖျက်နေတဲ့ အပေါ်မှာတော့ ဒေါက်တာအေးချမ်းက အခုလို သုံးသပ်ပါတယ်။

“ဒီလို ရထားလမ်းဖောက်ဖို့ ဆိုပြီးတော့ ရှေးဟောင်းပစ္စည်း အမွေအနှစ်၊ အကြွင်းအကျန်တွေကို တခါတည်း ဖျက်ဆီး ဖျောက်ဖျက်ပစ်လိုက်မယ် ဆိုလို့ရှိရင် သမိုင်းကို ခြေရာကောက်လို့ မရလောက်အောင် ပျက်စီးသွားနိုင်တဲ့ အခြေအနေ ရှိတယ်ခင်ဗျ။ အဲဒါကြောင့် ရခိုင်အမျိုးသားတွေ အနေနဲ့ကတော့ သူတို့ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီး ဖျောက်ဖျက်ပစ်တယ်လို့ပဲ ယူကြုံးမရ ဖြစ်ကြရမှာပဲ ခင်ဗျ။”

လွန်ခဲ့တဲ့နှစ်တွေ အတွင်းကလည်း မြောက်ဦးမြို့က ရခိုင်ဘုရင် နန်းစိုက်ရာ နေရာဖြစ်တဲ့ နန်းတော်ရာကုန်းကို အာဏာပိုင်တွေက ကြက်ဆူပင် စိုက်ခင်းတွေအဖြစ် အသုံးပြုခဲ့တာကြောင့် ရခိုင်အမျိုးသားတွေက ကန့်ကွက်ခဲ့ပါတယ်။

အခုအခါမှာလည်း မြောက်ဦးမြို့က ပြည်သူတွေနဲ့ သံဃာတော်တွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ မပျက်စီးစေဖို့ အထက် အာဏာပိုင်တွေကို မေတ္တာရပ်ခံ တင်ပြထားပါတယ်။

XS
SM
MD
LG