သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉ဝ နီးပါး နုတ်ထွက်ကြောင်းကြေညာ


စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးတချို့ကို အာဏာပိုင်တွေ ဖမ်းဆီးအရေးယူလိုက်တဲ့အတွက် လုံခြုံရေး စိုးရိမ်မှုကြောင့် ဒေသခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး ဒီနေ့ပဲ တာဝန်ကနုတ် ထွက်ကြောင်း ကြေညာလိုက်ကြပါတယ်။ ရခိုင့်တပ်မတော် AA နဲ့ ဆက်သွယ် တယ်လို့ စွပ်စွဲပြီး မြောက်ဦးမြို့နယ်တွင်းက ကျေးရွာအုပ် ချုပ်ရေးမှူးတချို့ နဲ့ဒေသခံရွာသားတချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး နောက် တနေ့မှာပဲ အခုလို ကြေညာလိုက်ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး (၄) ဦး၊ ရွာသားတဦးနဲ့ ကျောက်တော်မြို့နယ်က အရပ်သား (၄) ဦး စုစုပေါင်း (၉) ဦးကို မနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့တရားစွဲခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ပြိုင်းချကျေးရွာ၊ ပေါက်ပင်ကွင်း ကျေးရွာ၊ ရန်အောင်ပြင်ကျေးရွာနဲ့ကျောက်ဆည်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ( ၄ ) ဦးနဲ့ တင်းထိန်ကန်ရွာက အရပ်သား (၁) ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ပုံမှန်အစည်းဝေးမှာ လာဖမ်းသွားတာဖြစ်တယ်လို့ မြောက်ဦးမြို့ အရပ်ဖက် လူမှု အဖွဲ့အစည်းက ကိုဇော်ထွန်းက ပြောပြပါတယ်။

“ဘယ်လိုဖြစ်နေလဲဆိုရင် အစည်းဝေးပထမပိုင်းပေါ့။ အပြင်ကရဲနှစ်ယောက်လာပြီးတော့ ခနလိုက်ခဲ့ပါခေါ်ထား ပြီးတော့ သူတို့အချုပ်ထဲမှာ ထည့်ထားလိုက်တယ်။ (၄)ယောက် ပေါ့နော်။ ကျန်တဲ့ရွာသားတယောက် ပါသေး တယ်။ အခုကတော့ အဲဒီအုပ်ချုပ်ရေးမှူး (၄) ဦးအပါအဝင် အဲဒီအရပ်သား တယောက်ဆို (၅) ယောက်ပေါ့။ မနေ့က အချုပ်ထဲထည့်ထားလိုက်တယ်။ မနေ့ညက (၆) နာရီလောက်မှာ တရားရုံးက ၁၇/၁ နဲ့ ချုပ်ရမန် ယူထားပါတယ်။ ရုံးချိန်းက (၁၄) ရက်နေ့ပေါ့။”

လက်ရှိ သူတို့ကို မြောက်ဦးရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးကို ဖမ်းဆီးသွားတဲ့ ဖြစ်ရပ်နဲ့ ပက်သက်လို့ မြောက်ဦးမြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ဒီကနေ့ အစည်းဝေးကျင်းပပြီး လုံခြုံမှုမရှိတဲ့အခြေအနေကြောင့်(၈၉) ဦး တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလအောင်က ပြောပါတယ်။

“ကျနော်တို့အစည်းဝေးမှာ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ဖို့ အတွက် ဆုံးဖြတ်ပါတယ်ခင်ဗျ။ အကုန်လုံး (၈၉) ယောက်လုံးဟာ အကုန်လုံးနုတ်ထွက်ဖြစ်ပါတယ်ခင်ဗျ။ နုတ် ထွက်ရတဲ့အကြောင်းအရင်းက မနေ့ကဖြစ်စဉ်နဲ့ပက်သက်လို့လေ။ အစည်းဝေးကျင်းပနေချိန်တွင်းမှာ ရဲ ခေတ္တ မြို့နယ်မှူးကလာပြီးတော့ ခေါ်ဆောင်သွားတာပေါ့။ သူတို့ကမြို့နယ်အုပ်ချုပ်ရေးမှူးကို တစုံတရာ အကြောင်း ကြားခြင်းလည်း မရှိဘူး။ ဒုဦးစီးမှူးဦးဇော်ဇော်မင်းကတဆင့် ခေါ်ခိုင်းပြီးမှ အဲဒီကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး ကို ခနလေး တွေ့ခွင့်ပေးပါဆိုပြီး ခေါ်ထုတ်သွားတာပါခင်ဗျ။ အစည်းဝေးပြီးမှပဲ သူတို့ကို ဖမ်းထားတယ်ဆိုတာ ကျနော်တို့ သိရတယ်ခင်ဗျ။ ကျနော်တို့အုပ်ချုပ်ရေးမှူးတွေကို ဥပဒေမဲ့လို့ဆိုရမလားတော့ မသိဘူး။ ကျနော်တို့ ကျန်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ဒီအတိုင်း တာဝန် ထမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ကျနော်တို့အတွက် ဘာမှမလုံခြုံတော့ဘူး။”

အလားတူ ကျောက်တော်မြို့နယ်အတွင်းမှာလည်း ရခိုင်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ သရက် တပင်ကျေးရွာ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင် မောင်ကျော်ကျော်ညွန့် သူ့ရဲ့ဝမ်းကွဲညီဖြစ်သူ အပါအဝင် ဒေသခံ (၃) ဦး စုစုပေါင်း (၅) ဦးကို မနေ့ကမနက်ပိုင်းမှာ ကျောက်တော် ရဲစခန်းကနေ ဖမ်းဆီးသွား ခဲ့ပြီး ဒီအထဲက ၄ ဦးကို တရားစွဲဆိုထားပါတယ်။ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက အခုလိုပြောပြပါတယ်။

“မနေ့က ကျောက်တော်မြို့နယ်က (၅) ဦးဖမ်းတယ်လေ။ အခုဒီနေ့ သူတို့ကို ချုပ်ရမန်ယူတယ်။ တရားရုံးတင်ဖို့လေ။ တဦးကတော့ အပြစ်ဘာမှမရှိဘူးဆိုပြီး လွှတ်လိုက်တယ်။ ကျန်တဲ့ (၄) ဦး အခုစစ်ဆေးချက်က ရဲကတင်တာကတော့ ၁၇/၁ ရယ်၊ ၂ ရယ်၊ နှစ်ခုပဲတင်တယ်။ ၂ ကိုပြင်ပြီးတော့ ၁၇/၁ နဲ့လုပ်လိုက်တယ်။ ဒီဖမ်းဆီးခံရတဲ့သူနဲ့ကျနော် ခုနကပဲ တရားရုံးမှာတွေ့တယ်လေ။ သူတို့ကဘာပြောလဲဆိုတော့ ကျနော်တို့ကိုမေးတာစစ်တာက တောထဲက မှတ်စုစာအုပ်ရတယ်။ အဲဒီစာအုပ်မှာ သူတို့ ဖုန်းနံပါတ်နဲ့ နာမယ်တွေ ရှိတယ်။ အဲတာနဲ့ အခုလို ဖမ်းတယ်လို့ ပြောတယ်။”

ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကတော့ - လက်ရှိမတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့တရား စွဲခံရတဲ့ အခြေအနေနဲ့ ဘာကြောင့်တရားစွဲခံရတဲ့ ဖြစ်စဉ်ကို သူ မသိရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့မသိဘူးဆိုတာတော့ ကျနော်တို့လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူက အမှုဖွင့်ထားမှန်းလဲမသိဘူး။ အမှုဖွင့်ထားတာကြောင့်လို့ပဲ ဖြစ်တယ်။ ရဲမှာတော့ အဲဒီမှာထိန်းသိမ်းထားတယ်လို့သိရတယ်။ ရဲကနေပြီးတော့ ကျနော်တို့ဆီ ကြေးနန်းတော့မတက်ဘူး။ အားလုံး (၄) ယောက်လား (၅) ယောက်လား။ (၅)ယောက်ဖြစ်မယ် ထင်တာပဲ။”

မနေ့ကတရက်တည်းမှာတင် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲခံရတဲ့သူ ၉ ဦးရှိနေပြီး ဖြစ်ပါတယ်။

ဒီကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအဝင် ရွာသား (၉) ဦးဟာ ရခိုင့်တပ်မတော်နဲ့ ဘယ်လိုပက်သက်နေကြောင်း သိရှိဖို့ မြောက်ဦးနဲ့ ကျောက်တော်ရဲစခန်းတာဝန်ရှိသူတွေကို ဗွီအိုအေကနေ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင်ရွာသားတချို့က တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို AA ဘက်ကို ဆက်သွယ်သတင်းပေးပို့နေတာကြောင့် အရေးယူစီစစ်မှု တွေလုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောထားပါတယ်။

“AA အဖွဲ့ကိုသတင်းပေးနေတဲ့သူတွေ ရှိတယ်။ ဘယ်ရွာကတော့ ဘယ်သူတွေ ဘယ်သူတွေသတင်းပေး နေတာဖြစ်တယ်။ ဒါတွေနဲ့ပက်သက်လို့ကျနော်တို့ခေါ်ယူမေးမြန်းတယ်။ အဲဒါတွေအတွက်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ခေါ်ယူမေးမြန်းတာတွေရှိတော့။ နောက်တခုကလည်း ကျေးရွာလုံခြုံရေးနဲ့ ပက် သက်ပြီးခေါ် ယူမေးမြန်းတာရှိပါတယ်ဗျ။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် တွေကြောင့် အရပ်သားတွေကြားမှာသာမက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကြားမှာလည်း လုံခြုံရေးအရ စိုးရိမ်လာကြတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့က ကျောက်တော်မြို့နယ် တောင်မင်းအုပ်ချုပ်ရေးမှူး သင်းအုပ်ဆရာ ထွန်းနု ကို နေအိမ်ကနေ လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့အထိ သတင်းအစအန မရရှိ သေးပါဘူး။

ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကလည်း ရသေ့တောင်မြို့နယ် ကြိမ်သာရွာကရွာသားနှစ်ဦး၊ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦးကို တပ်မတော်ကနေဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆို ထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး AA အဖွဲ့အတွက် ဆက်ကြေးကောက်ခံပေးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှား မှုကို စောင့်ကြည့်သတင်းပေးပို့တာတွေ စစ်ဆေး မေးမြန်း ဖော်ထုတ်သိရှိရလို့ တရားဥပဒေအရ အရေးယူ နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်စိစစ် ဆောင်ရွက်နေတယ်လို့ ဇန္နဝါရီ (၁၆) ရက်နေ့မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG