သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်စုနဲ့တွေ့


ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ်သစ် တွေ့ဆုံ။ သတင်းဓာတ်ပုံ-United Nations Information Centre Yangon
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ်သစ် တွေ့ဆုံ။ သတင်းဓာတ်ပုံ-United Nations Information Centre Yangon

နေပြည်တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။ နေပြည်တော် ဒုတိယနေ့ ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ (၁၀) ရက်တာခရီး မကြာခင် အဆုံးသတ်တော့မယ့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခဖြစ်ပွားရာနေရာတွေအပါအဝင် နေရာအတော်များများကို သွားရောက်လေ့လာခဲ့တာပါ။ Ms. Yanghee Lee (ယန်ဟီလီ)ရဲ့ နေပြည်တော် ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

မကြာသေးခင်က အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

Ms. Yanghee Leeနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ တာတွေ ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ နေပြည်တော် ခရီးစဉ် ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ မနက်ပိုင်းမှာတော့ အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီး တချို့နဲ့ အချိန်ယူပြီး တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီး တို့အပြင် နယ်စပ်ရေးရာ ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။


"မနက်က ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နောက် နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းနဲ့ တွေ့တယ်။ နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီး ဒေါ်မြမြအုန်းခင်နဲ့တွေ့တယ်။ နောက် အလုပ်သမားရေးရာ ဝန်ကြီးနဲ့ တွေ့တယ်။ နောက် ဦးခင်ရီနဲ့ တွေ့တယ်။ နောက် ပညာရေးကတော့ ဒုတိယဝန်ကြီးနဲ့တွေ့တယ်။ လောလောဆယ်ကတော့ ပြီးသွားပြီ။ "

ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း က Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ ဒီကနေ့ နေပြည်တော် ခရီးစဉ် အကြောင်း ပြောသွားတာပါ။
နေပြည်တော်ကို ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ သမ္မတ ဦးသိန်းစိန်နဲ့တော့ သီးသန့် တွေ့ဆုံခြင်းမရှိသေးပါဘူး။


ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လမှာ အသစ်ခန့်အပ်ခံရတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနားနေရာ မှာ အစားထိုး ခန့်အပ်ထားတဲ့ အခု ကိုယ်စားလှယ် အသစ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ထောက်ပြဝေဖန်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။


ဇူလိုင်လ (၁၇) ရက်နေ့က စတင်ခဲ့တဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ အင်းစိန်ထောင်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေက ဒုက္ခသည်စခန်းတွေ အပြင် ပဋိပက္ခကြောင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့တွေဆီ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာတော့ အစိုးရအဖွဲ့ ဝန်ကြီးတချို့အပြင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံခဲ့တာပါ။


ဇူလိုင်လ (၂၆) ရက်နေ့ ခရီးစဉ် နောက်ဆုံးနေ့ မှာတော့ မြန်မာပြည် တွင်းလေ့လာတွေ့ရှိခဲ့သမျှ Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ တွေ့ရှိချက်တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း တင်ပြသွားဖို့ ရှိပါတယ်။

XS
SM
MD
LG