သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MSF ထွက်ခွာမှု ထိုင်း၊ မြန်မာနယ်စပ် ကျန်းမာရေး ထိခိုက်နိုင်


MSF ထွက်ခွာမှု ထိုင်း၊ မြန်မာနယ်စပ် ကျန်းမာရေး ထိခိုက်နိုင်
MSF ထွက်ခွာမှု ထိုင်း၊ မြန်မာနယ်စပ် ကျန်းမာရေး ထိခိုက်နိုင်

ထိုင်း၊ မြန်မာ နယ်စပ်ဒေသနေ ပြည်သူတွေကို ကျန်းမာရေး အကူအညီတွေ ပေးနေတဲ့ ဘယ်လ်ဂျီယံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) အဖွဲ့ဟာ ဒီလထဲမှာ လုပ်ငန်းရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုရပ်ဆိုင်းရတာဟာလည်း ဘရပ်ဆဲလ်မှာရှိတဲ့ MSF ရုံးချုပ်ကနေ ဆုံးဖြတ်တာ ဖြစ်တယ်လို့ MSF ဝန်ထမ်းတွေက ပြောပါတယ်။ MSF အဖွဲ့ဟာ ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေကို ငှက်ဖျားနဲ့ တီဘီ ရောဂါအပြင် တခြား အထွေထွေ ရောဂါတွေကို ကုသ အကူအညီ ပေးခဲ့ရာကနေ အခုလို ထွက်သွားတဲ့အတွက် ဒေသခံတွေ အဖို့တော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ နယ်စပ်နေ ပြည်သူတွေကို ကျန်းမာရေးကိစ္စ အ၀၀ ကူညီစောင့်ရှောက် ပေးနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) အဖွဲ့ဟာ ဒီလကစလို့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာပါ။ အခုလို MSF အဖွဲ့ အနေနဲ့ ထိုင်းနိုင်ငံကနေ လုပ်ငန်း ရပ်ဆိုင်းဖို့အတွက် အထက် အာဏာပိုင်တွေကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ MSF ဘန်ကောက်ရုံးခွဲက မြန်မာအရာရှိ တဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ မရှိတော့ဘူးဗျ။ အကုန်ရုပ်သိမ်းပြီးတော့ ဒီနှစ်ကုန်လောက်ဆိုရင် အကုန်သိမ်းမယ်။ သူ့အသင်းရဲ့ ပြဿနာပေါ့နော်။ ထိုင်းနဲ့ သိပ်မဆိုင်ဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ့။ ဘရပ်ဆဲလ်ကနေ ဆုံးဖြတ်တယ်။ MSF ဆုံးဖြတ်ပြီးသားဆိုတော့ ဘာမှ ပြောမနိုင်ဘူးလေ။ ပုဂ္ဂိုလ်အရ ဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ မလုံလောက်ဘူး။ ဒါ ဘရပ်ဆဲလ်အဆင့်။ ကျနော်တို့အဆင့် မဟုတ်တော့ဘူး။ ဘန်ကောက်အဆင့် မဟုတ်တော့ဘူး။

“တခြား အဖွဲ့အစည်းထဲမှာ IRC တို့ ARC တို့ပေါ့နော်။ ပြဿနာ အဲဒီလောက် အကြီးကျယ် မဖြစ်ဘူးထင်တယ်။ ဒါပေမဲ့ MSF လောက်ဆိုရင် ဘယ်သူမှ လုပ်ပေးမနိုင်ဘူးလေ။ ဆေးခန်းဖွင့်မယ်၊ ဆရာဝန်အနေနဲ့ ချပေးမယ်။ ဆေးဝါးက ပြည့်ပြည့်စုံစုံ ချနိုင်တဲ့ အဖွဲ့အစည်းက ဒီလောက်အတိုင်းအတာ မရှိဘူး။”

အကူအညီ ရပ်ဆိုင်းရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကတည်းက ဘန်ကောက်ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ MSF အစည်းအဝေးမှာ ထိုင်းနိုင်ငံဆိုင်ရာ ကျန်းမာရေး တာဝန်ခံ မစ္စတာ ဒန်းနစ်စ် ပီနွိုင် (Mr.Denis Penoy) ကနေ ထိုင်းနိုင်ငံဆိုင်ရာ အကူအညီပေးရေး ပရောဂျက်ကို ရပ်ဆိုင်းဖို့ တရားဝင် သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

MSF အဖွဲ့ အနေနဲ့ အဖွဲ့အတွင်း ဘဏ္ဍာရေး အခက်အခဲရယ် တခြား အာရပ်နိုင်ငံများဖြစ်တဲ့ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံ အပါအဝင် အာဖရိကတိုက်ရှိ အငတ်ဘေး ကြုံနေရတဲ့ နိုင်ငံတွေကို အရေးပေါ် အကူအညီပေးရေး အခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ရုံးတွေကို ပိတ်ရခြင်း ဖြစ်တယ်လို့ စက်တင်ဘာလ ၇ ရက် နေ့စွဲနဲ့ MSF ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ မစ္စတာ ဒန်းနစ်စ် ပီနွိုင်က လက်မှတ်ရေးထိုးပြီး မဟာမိတ်အဖွဲ့တွေကို အကြောင်းကြားခဲ့ပါတယ်။

အခုလို နယ်စည်းမခြား ဆရာဝန်များအသင်း အဖွဲ့အနေနဲ့ ထိုင်း၊ မြန်မာ နယ်စပ်ကနေ ထွက်သွားတာဟာ နယ်စပ်နေ ရွှေ့ပြောင်း အလုပ်သမားတွေ အဖို့တော့ ကျန်းမာရေး ဆေးဝါးကုသမှုအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဘုရားသုံးဆူမြို့နေ ဖိနပ်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

“အခုတော့ တော်တော်လေး အခက်အခဲ ဖြစ်နေကြတယ်။ ကျန်းမာရေးဘက်မှာဆိုတော့ အခု ဆေးဝါးလည်း မရှိတော့ဘူးလေ။ ရောဂါဖြစ်တဲ့ အခါကျရင်၊ ပိုက်ဆံမရှိတဲ့သူက အိမ်မှာပဲ နေကျတယ်။ တောဆေးဝါးတွေက လိုက်ရှာပြီးတော့ စားသောက်နေကြတာ။ တချို့ ပိုက်ဆံရှိတဲ့ သူကျတော့ ဆေးရုံအထိ သွားကြတယ်။”

ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် MSF အဖွဲ့ဟာ ၁၉၇၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို စတင် ဝင်ရောက်ခဲ့ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေကို ငှက်ဖျားနဲ့ တီဘီ အဆုတ်နာရောဂါအပြင် တခြား အထွေထွေ ရောဂါတွေကို ကုသ အကူအညီ ပေးခဲ့ပါတယ်။

၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်ထိ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဆေးခန်းတွေ ဆောက်လုပ်ပေးတဲ့အပြင် ကျန်းမာရေး စင်တာတွေမှာလည်း မြန်မာ့ဆေးလုပ်သားများကို ခန့်အပ် တာဝန်ပေးခဲ့တယ်လို့ မွန်အမျိုးသား ကျန်းမာရေး ကော်မတီဝင် တဦးက ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ထိုင်း၊ မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နေ ဒေသခံ ပြည်သူတွေအတွက် ကျန်းမာရေး အစီအစဉ်ကို ၂ဝ၁၁ ခုနှစ် ဇွန်လအထိ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီကို ပေးခဲ့ပါတယ်။

XS
SM
MD
LG