သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပခွင့်တောင်း


SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး
SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်တဲ့ “ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ” တတိယအကြိမ် ကျင်းပခွင့်ရရေး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီကနေ့ နေပြည်တော်မှာ လျှောက်ထားခဲ့ ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အပါအဝင် အဓိကရည်ရွယ်ချက် ၄ ချက်နဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်ပြီး၊ အခုတခေါက်မှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဓိက ဦးဆောင်ဆွေးနွေးကြမှာဖြစ်တယ်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားအဖွဲ့တွေ၊ ကယားတိုင်းရင်းသားအဖွဲ့တွေနဲ့ မွန်တိုင်းရင်းသားအဖွဲ့တွေ ဦးဆောင်ပြီးတော့ တတိယ အကြိမ်မြောက် “ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ” ကို စက်တင်ဘာလမှာ ကျင်းပခွင့် ရဖို့အတွက် ဒီကနေ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ
နေပြည်တော်သွားရောက်ပြီး လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအနေနဲ့ တန်းတူ အခွင့်အရေး မရရှိတာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မရရှိဘဲ ဖြစ်နေရတာလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယုံကြည်ထားတာပါ။ ဒါကြောင့်လည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား တွေအကြား တနေ့နေ့ တချိန်ချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ဒီလို နိုင်ငံရေး ဆွေးနွေးပွဲတွေ မပေါ်ပေါက်ခင်မှာလည်း တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ ဆန္ဒတွေကို သိရှိအောင်လို့ အခုလို တွေ့ဆုံ ဆွေးနွေးကြ တာလို့ SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောပါတယ်။

အထူးသဖြင့်တော့ ဒီ “ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ” ကို ကျင်းပရတာဟာ ရည်ရွယ်ချက် ၄ ခုကြောင့် ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။

“နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲ မပေါ်ပေါက်ခင်မှာ တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီရေး၊ တန်းတူညီညွတ်ရေး ရရှိဖို့၊ နောက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု
ပေါ်ပေါက်ဖို့၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ဖို့ပေါ့နော် ဒီအချက်တွေအပေါ်မှာ ဘယ်လိုဆန္ဒသဘောထားတွေ ရှိကြတယ်ဆိုတာကို တွေ့ဆုံပြီးမှ တူညီတဲ့အသံတစ်ခု ရအောင်လို့ ကျနော်တို့ ဝိုင်းဝန်း ဆွေးနွေးကြမှာပါ။ အဲ့ဒါ အဓိက ရည်ရွယ်ချက်ပါ။”

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရေးမှာ တပ်မတော်ပါဝင်ဖို့ကလည်း အဓိကကျတာကြောင့် တပ်မတော်ပါဝင်လာဖို့အတွက်ကိုလည်း တိုင်းရင်းသားတွေက ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပြပါတယ်။

“ကျနော်တို့ကတော့ ဒီအစိုးရရော၊ တိုင်းသားအဖွဲ့အစည်း အကုန်လုံးကိုရော နောက် state holder တွေ အကုန်လုံးပေါ့နော် ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ဖြစ်နိုင်မယ်။ ကျနော်တို့ချည်းပဲ လုပ်လို့မရဘူး။ ဥပမာ - တပ်မတော်ကလည်း တက်တက်ကြွကြွ ပါဝင်မှဖြစ်မယ်။ အဲ့လိုမျိုး တပ်မတော် ကိုယ်တိုင်လည်း ပါမှဖြစ်မယ်ဆိုတဲ့ဟာကိုလည်း ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံးက ဆန္ဒရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့ လိုအပ်တာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အဲ့ဒီလမ်းကြောင်းရောက်အောင် ကျနော်တို့က ဝိုင်းဝန်း ကြိုးပမ်း နေခြင်းဖြစ်ပါတယ်။”

အခု ခွင့်ပြုချက် တောင်းခံခဲ့တဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်း ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ခွင့်ပြုချက်ရရင်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအပါအဝင် တခြား တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရကိုပဲ ဖိတ်မှာပါ။ တပ်မတော်ကတော့ လောလောဆယ် မပါသေးပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံး စုဆုံပြီး လုပ်ဖို့ဆိုတာက ဥပမာ - ကချင် ကျန်သေးတာပေါ့နော်။ သူက ငြိမ်းချမ်းရေး မလုပ်ရသေးတဲ့အတွက်ကြောင့်မို့ ကချင်ကျန်သေးတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံး စုဆုံပြီးတဲ့နောက်မှာ တပ်မတော်ကိုရော၊ သက်ဆိုင်ရာ လွှတ်တော်ကိုရော အကုန်လုံး ပါအောင်လို့တော့ ကျနော်တို့ လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်ခင်ဗျ။ နိုင်ငံတော်အဆင့်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီကတော့ ပါပါလိမ့်မယ်။”

ပထမအကြိမ်တုန်းကတော့ ရှမ်းပြည်နယ်တွင်းမှာရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ဆန္ဒတွေကို အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရန်ကုန်မှာ ကျင်းပခဲ့တာပါ။ ဒုတိယ အကြိမ်မှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ရှမ်း နဲ့ ကယားပြည်နယ် တွင်းက အဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အခုတကြိမ်ကျင်းပမယ့်ထဲမှာတော့ ရှမ်းနဲ့ ကယား အပြင် မွန်လည်း ပါဝင်လာတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအားလုံးကို အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဝန်ကြီးဦးအောင်မင်း တက်ရောက်ခဲ့ပြီး ဒီဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာဟာ အရေးကြီးကြောင်းနဲ့ ဒါကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးတာတွေကို အသားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG