သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ ဘာသာစုံ ငြိမ်းချမ်းရေးဆုတောင်း


မန္တလေးတိုင်း၊ မိတ္ထီလာမြို့နဲ့ တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးရစေဖို့၊ အကြမ်းဖက် ပဋိပက္ခတွေအဆုံးသတ်စေဖို့၊ မန္တလေးမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကိုလည်း ကျင်းပပေးခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့က စတင်လိုက်တဲ့ အကြမ်းဖက် ဆူပူမှုတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေး ပေါ်ထွန်းရေးတို့အတွက် ရည်ရွယ်ပြီး ဒီကနေ့ မန္တလေးမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပခဲ့ရတာဖြစ်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဦးဆောင်လုပ်ကိုင်သူတဦးဖြစ်တဲ့ ကိုနိုင်က ဗွီအိုအေကို ပြောပါတယ်။


“ဆုတောင်းပွဲခေါင်းစဉ်က တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက် ဖျက်ဆီးမှုများကို ရှုတ်ချရေးအတွက် ဆီမီးထွန်း ဆုတောင်းပွဲ- ပါခင်ဗျ။ အဲဒီ ဆုတောင်းပွဲလုပ်တဲ့ အခမ်းအနားရဲ့နေရာက မန္တလေး ဒက္ခိဏရာမ ဘုရားကြီးတိုက်နဲ့ စတုတ္ထမြောက် သံဃာ့မဟာ နာယက ဘဒ္ဒဏ္ဍ အာစရိယ ဘိဝံသရဲ့ စေတီတော်ထဲမှာပါ ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ ဘယ်သူတွေ တက်ရောက်ခဲ့ကြပါသလဲ ခင်ဗျ။ ဘယ်နှစ်ယောက်လောက် လာပါသလဲ။


“ဘာသာပေါင်းစုံဖြစ်နေတဲ့အတွက် မွတ်စလင်အုပ်စုတွေနဲ့ ခရစ်ယာန်အုပ်စုရော ဗုဒ္ဓဘာသာအုပ်စုတွေ အားလုံးပေါင်း ၂၀၀ ဝန်းကျင်လောက် တက်ကြပါတယ် ခင်ဗျ။”

မေး။ ။ ဆုတောင်းတဲ့အခါမှာ ဘာတွေများ ထည့်ပြီး ဆုတောင်းကြပါသလဲ။

“ဟုတ်ကဲ့။ ပထမဦးဆုံး ပြောတာကတော့ ဆရာတော် ဦးခေမာပါ။ ဆရာတော် ဦးခေမာဆိုတာက ဘုရားကြီး အလယ်တိုက်ကြီးက ဆရာတော်ပါ။ ဦးခေမာက အကျဉ်းချုံးပြီးတော့ ဒီ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်။ ဘာသာတရားနဲ့ ပတ်သက်တဲ့ဟာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းအရာမျိုးနဲ့ပတ်သက်ပြီး ဆရာတော် ဦးခေမာက ပြောပါတယ် ခင်ဗျ။ မွတ်စလင်အဖွဲ့ KSPK က ဆရာဦး သိန်းဝင်းအောင်ကနေပြီးတော့လည်း ဒုတိယမြောက် ပြောပါတယ်။ သူကလည်း ဘာသာပေါင်းစုံ ညီညွတ်ရေးအနေနဲ့ ဦးတည်ပြီးတော့ အနည်းငယ် ပြောကြပါတယ် ခင်ဗျ။ အဲဒါတွေ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ - ဆိုတဲ့ စာတန်းလေးတွေ ရေးထားတဲ့ တီရှပ်လေးတွေ ဆင်တူဝတ်ပြီးတော့ တယောက်ရဲ့လက်ထဲမှာ ဖုရောင်းတိုင်လေးတွေ ကိုင်ပြီးတော့ တပြိုင်နက်တည်း မီးထွန်းပြီးတော့ ငြိမ်သက်စွာ ဆယ်မိနစ်ခန့် ဆုတောင်းကြပါတယ် ခင်ဗျ။ အားလုံးက ကိုယ့်ဘာသာနဲ့ ကိုယ့်ယုံကြည်ချက်အတိုင်းပဲ စေတီတော်လေးမှာ မွတ်စလင်ရော၊ ခရစ်ယာန်ရော၊ ဗုဒ္ဓဘာသာရော မခွဲခြားဘဲနဲ့ အားလုံး ကိုယ့်ယုံကြည်ရာ၊ ယုံကြည်ရာကိုပဲ ဖုရောင်းတိုင်မီးထွန်းပြီး ဆုတောင်းခဲ့ကြပါတယ် ခင်ဗျ။”


ဒီဘာသာပေါင်းစုံ ဆုတောင်းပွဲကိုတော့ မန္တလေးမြို့မှာရှိတဲ့ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မိမိအသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြတာဖြစ်ပြီး လူ ၂၀၀ လောက် တက်ရောက်တယ်လို့ ကိုနိုင်က ပြောပါတယ်။


ဒီကနေ့မှာတော့ မိတ္ထီလာအပါအဝင် ဆူပူမှုတွေ ဖြစ်ပွားခဲ့ မြို့နယ်တွေအားလုံးမှာ နောက်ထပ် ဆူပူမှုတွေ ထပ်မဖြစ်တော့ပေမယ့်လည်း မနေ့က ညပိုင်းအထိ ကြိုကြား ဆူပူမှုတချို့ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထဋ်က ပြောပါတယ်။

“၂၈ ရက်နေ့မှာ တချို့ အသေးအမွှားလေးတွေ ဖြစ်တာ ရှိတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ပြီးတော့ လူစုခွဲခဲ့ရတာတွေလည်း ရှိပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာက ဒီကနေ့ နောက်ဆုံး ထုတ်ပြန်တဲ့ သတင်းတွေအရကတော့ ဆူပူမှုတွေကြောင့် သေဆုံးသူ ၄၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၆ ဦးရှိတယ်လို့ ဖော်ပြထားပါတယ် ခင်ဗျား။
XS
SM
MD
LG