မကြာခင်ရက်ပိုင်းတွင်း ကျင်းပတော့မယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် အကြိတ် အနယ် မဲဆွယ်နေတဲ့ တချိန်တည်းမှာပဲ ကိုယ်စားလှယ်လောင်းတချို့က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်နေ တယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ဆီကို စနစ်တကျ တိုင်ကြားလာတာ မရှိရင် အရေးယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မကြာခင်ရက်ပိုင်းမှာ ကျင်းပကြတော့မှာမို့ ကိုယ်စား လှယ်တွေဟာ အကြိတ် အနယ် မဲဆွယ်စည်းရုံးနေကြပါတယ်။ တချိန်တည်းမှာပဲ ကော် မရှင်က သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ အသုံး စရိတ်ကို ကျော်လွန်သုံးစွဲနေတာ တွေ ရှိသလို တိုင်းအစိုးရက NLD အဖွဲ့ဝင် ကိုယ်စားလှယ်လောင်းတွေ ဘက်ကနေ မဲဆွယ် စည်းရုံးနေတာတွေက မမျှတဘူးဆိုတဲ့ ထောက်ပြ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ကတော့ သက်သေအထောက်အထားနဲ့တကွ ကိုယ်တိုင် ကိုယ်ကျ လာရောက် တိုင်ကြားတာမရှိရင် အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးအောင်ခိုင်က ဗွီအိုအေကို ပြောပါတယ်။
"ကိုယ်စားလှယ်လောင်းအချင်းချင်းက တိုင်မှရမယ်လေ။ တိုင်တဲ့အခါမှာလည်း အချက် အလက် အပြည့်အစုံနဲ့ အထောက်အထား အပြည့်အစုံနဲ့ တိုင်ရမယ်။"
ဒါပေမဲ့ လက်ရှိမှာတော့ စည်ပင်ရွေးကောက်ပွဲကော်မရှင်ထံကို လာရောက်တိုင်ကြားသူ တဦးမှ မရှိသေးဘူးလို့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။ ဒါပေမဲ့ လေ့လာစောင့်ကြည့် သူတွေကတော့ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်း ချိုးဖောက်သူတွေကို စောင့်ကြည့် ဟန့်တားတာ အပါအဝင် မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင် ကြပ်မတ်ဆောင်ရွက် ရမယ့် တာဝန်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
ရွေးကောက်ပွဲတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်းက အခုလို ထောက်ပြပါတယ်။
“ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က ရွေးကောက်ပွဲ ကော်မရှင်ပဲဖြစ်တယ် ပေါ့နော်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကော်မရှင်တွေဟာ မျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေမယ့် ကိစ္စမျိုး မှန်သမျှကို အစိုးရမျက်နှာကိုမကြည့်ဘဲနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်စရာရှိတာကို ဆုံးဖြတ်ဖို့ လိုတယ်ပေါ့။ ရဲရဲတင်းတင်း ဆုံးဖြတ်ဖို့ လိုတယ်ပေါ့-နော်။ အဲလိုမှမဟုတ်ဘူး။ အစိုးရခန့်ထားတဲ့ကော်မရှင်မို့လို့ အစိုးရကို ကြောက်နေရလို့ဆိုရင် အဲဒီရွေးကောက်ပွဲကော်မရှင်မှာ ပါတဲ့လူတွေရဲ့ သမာသမတ်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာမယ်လေ-နော်။”
မတ်လ ၃၁ ရက်နေ့ကျရင် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပမယ့် ရွေး ကောက်ပွဲတွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၆ ဦး၊ မြို့နယ် အသီးသီးက စည်ပင်သာယာရေး ကော်မတီ တွေအတွက် တမြို့နယ်ကို ၃ ဦးနှုန်းနဲ့ စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေ က မဲပေး ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ကြိုတင်မဲတွေကတော့ မနေ့ကစပီးပေးလို့ရပြီဖြစ်သလို နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြိုတင်မဲပေးပီးဖြစ်ပါတယ်။
ရွေးကောက်ခံရတဲ့ မြို့တော်စည်ပင်ကော်မတီဝင် ၆ ဦးနဲ့ တိုင်းအစိုးရကခန့်ထားတဲ့ မြို့ တော်ဝန် အပါအဝင် လက်ရှိ ကော်မတီဝင် ၅ ဦးပူးပေါင်းပြီး ကျန်ရှိတဲ့သက်တမ်း နှစ်နှစ် တာအတွက် တာဝန်ထမ်းဆောင်ကြရမှာပါ။ ဥပဒေအသစ်အရ ထူးခြားချက်တခုက တော့ ရွေးကောက်ခံ ၆ ဦးထဲက တဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေအားလုံး က လျှို့ဝှက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လာမယ့်ဧပြီလအတွင်းမှာ စတင် အသက်ဝင် လာမယ့် စည်ပင်ကော်မတီအသစ်တွေအနေနဲ့ နောက် နှစ်နှစ်တာကာလ အတွင်း ရန်ကုန်မြို့ကြီး ပြောင်းလဲသွားအောင်၊ လူထုအတွက် စည်ပင် ဖြစ်လာအောင် ဘယ်လောက် စွမ်းဆောင်နိုင်ကြပါမလဲ ရန်ကုန်သူရန်ကုန်သားတွေ အားလုံးက စောင့်ကြည့် အကဲဖြတ်နေကြမှာပဲ ဖြစ်ပါတယ်။