သုံးရလွယ်ကူစေသည့် Link များ

EU ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက် မထွက် ပြင်းပြင်း ထန်ထန် ငြင်းခုံနေကြ တဲ့ ဆန္ဒခံယူပွဲ မတိုင်ခင် သီတင်းတပါတ်ပဲ လိုတော့တဲ့ အချိန်မှာ ဗြိတိသျှလွှတ်တော် အမတ် Jo Cox သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး သွားတာမို့ နိုင်ငံရေး အကြမ်းဖက်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေ သိပ်ကြားရလေ့မရှိတဲ့ ဗြိတိန်နိုင်ငံ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မူခင်းနေရာ။
ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မူခင်းနေရာ။

လွှတ်တော်အမတ်ကို သတ်ဖြတ်သူက ဗြိတိန်နိုင်ငံကပဲ ပထမဆုံးဖြစ်ရမယ် Britain First လို့ အော်ဟစ်ပြီး လေဘာပါတီ အမတ် Jo Cox ကို သေနတ်နဲ့ပစ်၊ ဓါးနဲ့ထိုးပြီး ကန်ကြောက်ခဲ့တယ်လို့ မျက်မြင်သက်သေ တချို့က ပြောပါတယ်။ အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ Jo ဟာ ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။

အရင်က အကူညီပေးရေး အလုပ်တွေ လုပ်ခဲ့တဲ့ Jo ဟာ ဆီးရီးယား ဒုက္ခသည်တွေ အတွက် ပညာပေးလုပ်ငန်းတွေ လုပ်နေသူဖြစ်ပြီး၊ ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပါတ်သက်ပြီး လိုလားမှု ရှိသလို အီးယူကနေ ဗြိတိန်ခွဲထွက်ရေးကို ဆန့်ကျင်တဲ့ သူ့ရဲ့ ရပ်တည်ချက်ဟာလည်း ထင်ရှားပါတယ်။

ကြာသပတေးနေ့မှာ အရေးပေါ်ဆေးဝန်ထမ်းတွေ အခင်းဖြစ်ပွါးရာ Yorkshire အနောက်ပိုင်းကို ရောက်လာပေမယ့် သူ့ကို မကယ်နိုင်ခဲ့ပါဘူး။ ဒီသေဆုံးမှု ဟာ နိုင်ငံရေးပရောဂ မပါဘူးလို့ ငြင်းဆိုဖို့ အခက်တွေ့နေကြပြီး အစိုးရအရာရှိတွေကလည်း မှတ်ချက် တစုံတရာ မပေးကြပါဘူး။ အခင်းဖြစ်ပွါးမှုကို ရဲက စုံစမ်းနေပြီး သံသယရှိသူ တဦးကို ဖမ်းဆီးထားတယ်လို့ပဲ ထုတ်ပြောပြီး ဘာကြောင့် သတ်ရတယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

အဖြစ်မှန်ကို ပြည့်ပြည့်စုံစုံမသိ သေးခင် တစုံတရာမှတ်ချက် မပေးဘူးလို့လည်း ဗြိတိသျှ ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဆန္ဒခံယူပွဲအတွက် မဲဆွယ်လှုပ်ရှားနေမှုတွေ ရပ်ဆိုင်းထားဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အီးယူအဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ရေးကို ထောက်ခံသူတွေရော ကန့်ကွက်သူတွေကပါ သူတို့ရဲ့ မဲဆွယ်မှုတွေကို ကြာသပတေး နေ့မှာ ရပ်ဆိုင်းခဲ့ကြပါတယ်။

XS
SM
MD
LG