သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်ငန်းရှင် ၁၀၀ ကျော်ရဲ့ တရုတ်ဘဏ်ငွေစာရင်း အပိတ်ခံရ


တရုတ်မြန်မာ နယ်စပ်
တရုတ်မြန်မာ နယ်စပ်

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့က မြန်မာကုန်သည် ၁၀၀လောက်ရဲ့ တရုတ်ဘဏ်စာရင်းကို တဖက်နိုင်ငံအစိုးရက ဲ ဒီရက်ပိုင်းအတွင်း ပိတ်ပင်လိုက်ပါတယ်။ အရင်နှစ်ကတော့ လောင်းကစား၊ မူးယစ်ဆေးဝါးစတဲ့ သံသယရှိမှုနဲ့ ပိတ်ပင်ခဲ့ဖူးပြီး ဒီတကြိမ်တော့ ဘာကြောင့်ပိတ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ မြန်မာအာဏာပိုင်တွေဖက်ကတော့ အပိတ်ခံရတဲ့ စာရင်းကောက်ယူထားသလို စာရင်း ရပြီဆိုရင် ပြန်လည်ဖွင့်ပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မူဆယ်မြို့ မြန်မာကုန်သည်တချု့ိရဲ့ တရုတ်နိုင်ငံက ဘဏ်စာရင်းတွေကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ သောကြာနေ့စတင်ပိတ်လိုက်တာဖြစ်ပါတယ်။

ဒီနေ့ အထိ ဘဏ်စာရင်း အပိတ်ခံရသူ ၁၀၀လောက်ရှိမယ်လို့လည်း မူဆယ်မြို့က ဆန်စပါးကုန်သည်ကြီး တဦးက ပြောပါတယ်။

“ အပိတ်ခံရတဲ့သူတွေတော့ ရှိတယ်ဗျ။ ကျနော်တို့ သိသလောက်တော့ ၁၀၀လောက်ပဲ ရှိတယ်ဗျ။ ခန့်မှန်းခြေပေါ့။ကျနော်တို့ ဆန်စပါးဖွင့်ပွဲတွေ ဘာတွေ လုပ်တော့ အတိအကျတော့ မသိရသေးဘူး။ ”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မူဆယ်မြို့မှာ ဆန်စပါးကုန်စည်ဒိုင်ဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၃၄၀ကျော်နဲ့ တရုတ် နိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၈၀၀ကျော်လောက်ပိတ်ခဲ့ပါတယ်။ အဲဒီအကြိမ်ကတော့ တရုတ်အစိုးရက လောင်းကစားတာ၊ ငွေကြေးခဝါချတာ၊မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ဆက်စပ်တာကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။

လောလောဆည်မှာ တရုတ်အာဏာပိုင်တွေက ဘာကြောင့် ပိတ်တယ်ဆိုတာကို အကြောင်းကြားတာ မရှိသေးကြောင်း မူဆယ်မြို့က ကုန်သည်ကြီးများ အသင်းက ဦးထွန်းဦးက ပြောပါတယ်။

“သူတို့ဆီကလည်း စာတွေ ဘာတွေ ဘာမှ တက်လာတာမရှိသေးဘူးလေ။ အဲလိုမျိုးဖြစ်နေတယ်။ အဲဒါကျ ကျနော်ကလည်း ပြောဖို့က ခက်တာပေါ့။ ”

မူဆယ်မြို့က ကုန်သည်အသိုင်းအဝိုင်းအကြားမှာတော့ ဒီတကြိမ်အပိတ်ခံရသူတွေမှာ ဆန်စပါး၊ ကြံ၊သကြား ကုန်သည်တွေအများစုပါဝင်ကြောင်းနဲ့ တရုတ်နိုင်ငံဖက်က ဆန်စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ သကြားစတာတွေကို တရားဝင်တင်သွင်းခွင့် မပြုထားကြောင်းလည်းပြောပါတယ်။

ဒေသခံ ကုန်သည်တွေကတော့ လက်ရှိအခြေအနေမှာ နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်အတိုင်း ရှိနေပေမဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားမှာတော့ မြန်မာငွေအနည်းငယ်ဈေးကျခဲ့ကြောင်း ပြောပါတယ်။

မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှုး ဦးစန်းလှိုင်က မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းဆီကနေ ပိတ်ပင်ခံရတဲ့ မြန်မာပြည်သားတွေရဲ့ ဘဏ်စာရင်းအရေအတွက်ကို ကောက်ယူနေကြောင်းနဲ့ စာရင်းအတိအကျရရင် ပြန်ဖွင့်ပေးဖိ့ုအတွက် တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ခရိုင်ဌာနဆိုင်ရာ ခရိုင်ထွေအုပ်ရုံးကတော့ အဲလိုမျိုး အတိအကျ နံမည်စာရင်း List စာရင်း ရလာလို့ ရှိရင် စောစောက ပြောတဲ့ နံမည်ပေ့ါ။ account ရယ်၊ ဘဏ်နံမည်ရယ် အဲဒီ ၃ခုရလာလို့ ရှိရင် ကျနော်တို့က ပြည်ပရေးရာကို ဒါတွေကို အမြန်ဆုံးစိစစ်ပြီး ဖွင့်လှစ်ပေးနိုင်ရေးကို ကျနော်တို့က အကြောင်းကြားပေးတယ်။ ရွှေလီမှာ ပြည်ပရေးရာဆက်ဆံရေးဌာနရှိတယ်။”

၂၀၁၇ခုနှစ် ဇွန်လတုံးကတော့ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေ ၂ဖက်ညှိနှိုင်းပြီးတဲ့နောက် တပတ်အတွင်းမှာ ပိတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၄၀ကျော်အနက်က ၂၉၀လောက်ကို ပြန်ဖွင့်ပေးခဲ့ဖူးပါတယ်။ ၂၀၁၇ မတ်လအတွင်းကတော့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ရန်ပုံငွေလက်ခံရာ ဘဏ်စာရင်းတခုကို တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ပိတ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG