သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် မုံးကိုးမြို့တဝိုက် တိုက်ပွဲများပြင်းထန်နေ


မူဆယ်မြို့နယ်အတွင်းက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ယာယီတဲများ။ (သြဂုတ်လ ၁၅၊ ၂၀၂၁)
မူဆယ်မြို့နယ်အတွင်းက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ယာယီတဲများ။ (သြဂုတ်လ ၁၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ မုံးကိုးမြို့အနီးနဲ့ ဖောင်းဆိုင်ဘက်မှာ လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာတော့မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းမြောက်ဒေသဘက် တိုက်ပွဲအခြေအနေကို ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ အပတ်က မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မုံးကိုးနဲ့ ဖောင်းဆိုင် ဒေသဘက်တွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်ခဲ့တာပါ။ ဒီတိုက်ပွဲတွေဟာ ဒီနေ့မှာလည်း ပြင်းထန်နေဆဲရှိကြောင်း မုံးကိုး ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“အခုက မုံးကိုးတမြို့လုံး ပတ်လည် ဖြစ်နေတာပေါ့နော။ သူက လက်နက်ကြီးတွေ ဆက်တိုက် မိုးခြိမ်းသလိုပေါ့နော။ ဆက်တိုက်ကြားနေရတယ်။ မပြတ်ဘူးပေါ့ဗျာ အဲသလိုပေါ့။ အခုတော့ လေယာဉ်နဲ့ လာပစ်နေတာပဲဗျ။ လေယာဉ်နဲ့ လာပစ်တာက သူက ၁၂ နာရီခွဲလောက်ပေါ့။ ဖောင်းဆိုင်၊ မန့်ယန်းဘက်ပေါ့ အဲဒီဘက်က ၄ နာရီခွဲလောက် ၅ နာရီက စပစ်တာပေါ့နော။ ဒီ မုံးကိုး အနီးတဝိုက်တော့ ၁၂ နာရီ တကျော့လောက်မှာ အသံကြားရတာပေါ့။ လက်နက်ကြီးတွေရော၊ သေနတ်တွေရော ကြားရတယ်။ ”

ဖောင်းဆိုင်ကျေးရွာအနီးက ဒေသခံတဦးကလည်း ဒီနေ့ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ ဟိုမှာ မန့်ယန်းတို့၊ ဘန့်မွှေးတို့၊ ဖောင်းဆိုင်ဘက်မယ်။ ၁၀ ရက်နေ့ စဖြစ်တယ်။ အခုထိပဲ။ အခုလည်း သူတို့ အမြောက်တွေနော် ပစ်နေကြတယ်။ မိုးလင်းတော့ စပစ်တာပဲလေ။ ဒီနေ့လည်း လေယာဉ်တက်လာတာပဲ လေယာဉ်နဲ့ လာပစ်တာပဲ။ ဖောင်းဆိုင်တော့ လေယာဉ်တော့ မလာသေးဘူး။ ဟိုဘက် မိုင်းကောင်း၊ လွယ်ဝိန်းဘက် လာပစ်တာထင်တယ်။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မုံးကိုး၊ ဖောင်းဆိုင် ဒေသတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး VOA ကို အခုလို ပြောပါတယ်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပန်လုံဘက်မှာ၊ မုံးကိုးဘက်ပေါ့။ ပန်လုံဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ ပန်လုံစခန်းရဲ့ အရှေ့မြောက်ဖက် မီတာ ၁,၅၀၀ လောက်မှာ MNDAA ၃၀ လောက်နဲ့ ကျနော်တို့ ဖြစ်ပွားခဲ့တာရှိတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၆ နာရီမှာ ဖောင်းဆိုင်၊ နမ့်ယန်းရွာအနီးမှာ ဖြစ်ခဲ့တာရှိတယ်။ ၁၀ ရက်နေ့မှာ ၂ ကြိမ်ဖြစ်ခဲ့တယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မရှိဘူး။ ၁၂ ရက်နေ့မှာ မရှိဘူး၊ အဲဒါပါပဲဗျ။”

MNDAA ကိုးကန့်အဖွဲ့ဘက်က ဒီဇင်ဘာလ ၁၀ ရက်နေ့ တရက်တည်း တိုက်ပွဲကြီး ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း နဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ထောင်ချီပစ်ခတ်ခဲ့ကြောင်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ကိုးကန့်တပ်က ၆ ဦး ဒဏ်ရာရပြီး တဦး သေဆုံးကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာတော့ စစ်ကောင်စီဟာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီလလယ်လောက်မှာ မိုင်းလားမြို့မှာ တွေ့ဆုံဖို့ရှိကြောင်းစလည်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီဇင်ဘာလလယ်လောက်မှာ မြောက်ပိုင်းမှာရှိတဲ့ EAO အဖွဲ့တွေနဲ့ကျနော်တို့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေး ကော်မတီနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အဓိကကတော့ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ တိုးချဲ့ဆောင်ရွက်ဖို့အတွက် မူဝါဒ ချမှတ်ထားတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးမြှင့်နိုင်ရေး အခြေခံကျကျ ဆွေးနွေးသွား နိုင်ပါလိမ့်မယ်ဗျား။ ”

KIA ကချင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတွေ့ဆုံရေးနဲ့ပတ်သက်ပြီး မသိရသေး ကြောင်းပြောပါတယ်။

“အဲဒါကတော့ ကျနော်က တရားဝင် ဘာမှ မကြားဘူးခင်ဗျ။ ကျနော်တို့ ဗဟိုကော်မတီက အဲဒါနဲ့ပတ်သက်လို့ ညွှန်ကြားတာလည်း ကျနော့ဆီမှာ ဘာမှ မရှိပါဘူးခင်ဗျ။ ကျနော့ကို ညွှန်ကြားတာ မရှိတာနေမှာပါ။ ကျနော်ကတော့ ဘာမှ မကြားရဘူး။”

PSLF/ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က သူလည်း မကြားသိကြောင်း ပြောဆိုပြီး NDAA မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကတော့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတာ ကြားသိရပေမဲ့ အသေးစိတ် မသိကြောင်း ပြောပါတယ်။

တရုတ်မြန်မာနယ်စပ်ဒေသမှာ UWSA ဝ၊ NDAA မိုင်းလား၊ SSA ရှမ်းတပ်မတော် မြောက်ပိုင်း၊ MNDAA ကိုးကန့်၊ KIA ကချင်၊TNLA တအန်း(ပလောင်ဝ်) နဲ့AA ရခိုင် စတဲ့အဖွဲ့တွေက ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ကို ပူးပေါင်းဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ ၇ ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးတာမရှိသေးပါဘူး။ လောလောဆယ်မှာတော့ KIA ကချင်၊ MNDAA ကိုးကန့်နဲ့ စစ်ကောင်စီတပ်တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Zawgyi/Unicode]]
















#ShanFighting #MNDAA #MyanmarPeaceTalks #VOABurmese


===========

XS
SM
MD
LG