သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhutto လုပ်ကြံမှု Musharraf ကို စွဲချက်တင်


ပါကစ္စတန် စစ်အစိုးရခေါင်းဆောင်ဟောင်း ပါဗဇ် မူရှာရဖ် (Pervez Musharraf) ကို အတိုက်အခံခေါင်းဆောင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘနဇီယာ ဘူတို (Benazir Bhutto) ကို ၂၀၀၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ပါကစ္စတန်တရားရုံးက စွဲချက်တင်ထားခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက Rawalpindi မှာရှိတဲ့ တရားရုံးကနေပြီး မစ္စတာ မူရှာရဖ်ကို လူသတ်မှု၊ ရာဇဝတ်မှုတွေမှာ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုကို အားပေးမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ်အချိန်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ မူရှာရဖ်ဟာ Rawalpindi မှာ နိုင်ငံရေးအရ ချီတက်ဆန္ဒပြမှုတွေ ဖြစ်နေစဉ် ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေအတွင်း မစ္စစ် ဘူတိုကို အကာအကွယ်မပေးခဲ့ဘူးဆိုပြီး အစိုးရရှေ့နေတွေက ဆိုပါတယ်။

မစ္စတာ မူရှာရဖ်က ဒီစွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဒီအမှုကို သြဂုတ်လ ၂၇ ရက်ထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ပါကစ္စတန်သမိုင်းတလျှောက်မှာ စစ်တပ်ခေါင်းဆောင်ဟောင်း တဦးအနေနဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး အခုလို တရားစွဲခံရတာဟာ ဒါ ပထမဆုံးပဲ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ တရားရုံးရှေ့မှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

မစ္စတာ မူရှာရဖ်ဟာ ၂၀၀၈ ခုနှစ်မှာ သမ္မတရာထူးကနေ ဆင်းခဲ့ပြီး ပြည်ပမှာ ၄ နှစ်ကြာ ခိုလှုံခဲ့ပြီးနောက် အခုနှစ်အစောပိုင်းမှာ ပါကစ္စတန်နိုင်ငံကို
ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ သန္ဓိဌာန်ချထားခဲ့ပေမဲ့ လွှတ်တော်ရွေးကောက်ပွဲက တားမြစ်ပိတ်ပင်ခြင်းကို ခံရပြီး အခုအခါမှာတော့ တရားရေးတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
XS
SM
MD
LG