သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တေးဂီတလုပ်ငန်းအတွက် စီးပွားရေးပုံစံသစ်


တေးဂီတထုတ်လုပ်မှု လုပ်ငန်းမှာ အပြောင်းအလဲတွေ အကြီးအကျယ် ကြုံနေရပါတယ်။
တေးဂီတထုတ်လုပ်မှု လုပ်ငန်းမှာ အပြောင်းအလဲတွေ အကြီးအကျယ် ကြုံနေရပါတယ်။

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁-ပရိတ်သတ်တွေရဲ့ ဂီတခံစားမှု ပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ အနုပညာရှင်တွေလည်း စီးပွားရေး ကျွမ်းကျင်မှုတွေ လိုအပ်လာပါတယ်။

ကျွမ်းကျင်သူ ဂီတပညာရှင် အများစု အနေနဲ့ မကြာသေးခင် အချိန်ကအထိတော့ စီမံခန့်ခွဲမှုတွေ၊ ဖြန့်ချိမှုတွေ၊ ကြော်ငြာတဲ့ လုပ်ငန်းတွေလို စီးပွားရေး အစီအမံတွေနဲ့ ခပ်ကင်းကင်းပဲ နေလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း အင်တာနက် လူမှုဆက်သွယ်ရေး ကွန်ယက်တွေ တွင်ကျယ်လာတာနဲ့အတူ နည်းပညာသစ်တွေ ထွန်းကားလာနေတဲ့ ဒီကနေ့ခေတ်မှာတော့ ဒီလိုနေဖို့ မဖြစ်နိုင်သလောက် ဖြစ်လာနေပါပြီ။ ဒီအတွက်လည်း အခုအခါ ဂီတလောကက ကျွမ်းကျင်သူတွေ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာနေရတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက် Adam Phillips နယူးယောက်မြို့ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေကတဆင့် ဆက်သွယ်မှုတွေ ကျယ်ပြန့်လာနေတာ၊ အိတ်ဆောင် ကွန်ပြူတာတွေနဲ့ ထုတ်လုပ်မှု နည်းပညာတွေ ထွန်းကားလာတာ၊ တေးဂီတပုံစံအမျိုးမျိုးကို နှစ်ခြိုက်လာတာတွေနဲ့အတူ ဂီတပညာရှင်တွေအဖို့ စီးပွားရေးဈေးကွက်နဲ့ ပရိတ်သတ်တွေကြား ဆက်ဆံရေးတွေလည်း အရင်နဲ့မတူ ပြောင်းလဲလာနေပါတယ်။ အထူးသဖြင့်ကတော့ စွန့်ဦးတီထွင်နိုင်စွမ်းရှိမှုတွေဟာ ဒီအပြောင်းအလဲမှာ ပိုလို့ အရေးပါလာနေတာလည်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု စီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ နယူးယောက်ခ်မြို့က နာမည်ကျော်မက်ဟန်တန် တေးဂီတကျောင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ရောဘတ် ဆီရိုတာ (Robert Sirota) ဟာဆိုရင် တေးဂီတထုတ်လုပ်မှု လုပ်ငန်းမှာ အပြောင်းအလဲတွေ အကြီးအကျယ် ကြုံနေရတာကို အသိအမှတ်ပြုလက်ခံထားသူ တဦးလည်း ဖြစ်ပါတယ်။
“တေးဂီတထုတ်လုပ်တဲ့ လုပ်ငန်းမှာ ကျနော်တို့ သိထားသမျှတွေ၊ အသံသွင်းတာ၊ ထုတ်လုပ်ပြီးသားတွေကို ဖြန့်ချီတာ၊ ဂီတပွဲတွေ စီစဉ်တာ၊ ဖျော်ဖြေမှုတွေ၊ ဂီတပွဲတွေကနေ လူတွေ အပြန်အလှန်ခံစားရတာတွေ အပါအဝင် ဂီတလုပ်ငန်းက အရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တဖြည်းဖြည်းချင်း ပြောင်းလဲသွားပါပြီ။ ဂီတကျောင်းကြီး တခုအနေနဲ့ အချိန်ကာလနဲ့ လိုက်လျောညီထွေ ပြောင်းလဲဖို့၊ အချိုးအကွေ့ရဲ့ ရှေ့ကို ကြိုရောက်နေဖို့နဲ့ အခုကမ္ဘာသစ်ကြီးထဲမှာ သူတို့ကိုယ်ပိုင် လမ်းကြောင်းတွေ ဖန်တီးနိုင်စွမ်းရှိကြတဲ့ လူငယ်အနုပညာရှင် ခေါင်းဆောင်တွေကို မွေးမြူဖို့ဟာ တကယ့်ကို အရေးကြီးတယ်ဆိုတာကိုလည်း ကျနော်နဲ့ ကျနော့်လိုလူတွေအဖို့ ပိုပြီး ထင်ထင်ရှားရှား သဘောပေါက်လာကြပါတယ်။”

မက်ဟန်တန် ဂီတကျောင်းမှာတော့ တေးဂီတ စွန့်ဦးတည်ထွင်မှုဌာန တခုကို ဖန်တီးထားပြီး၊ ကျောင်းသားတွေ အနေနဲ့ ဆက်သွယ်ရေး မီဒီယာ လုပ်ငန်းအသစ်တွေအကြောင်း၊ ရန်ပုံငွေ ရှာဖွေမှုတွေအကြောင်း၊ ကိုယ့်ရဲ့ ဂီတပွဲတွေကို ဘယ်လို စီစဉ်ရတယ်ဆိုတဲ့ အကြောင်းနဲ့ တေးသီချင်းထုတ်လုပ်မှု၊ သတင်းမီဒီယာ ဖြန့်ချီမှုတွေနဲ့ ပတ်သက်တာတွေကိုပါ သင်ကြား ပေးနေပါတယ်။ ဒီဌာနက သင်ကြားပေးနေတဲ့ သင်ခန်းစာတခုဖြစ်တဲ့ စင်တင်ပွဲတွေအတွက် ပြင်ဆင်မှု ဘာသာရပ်ရဲ့ တစိတ်တပိုင်းအဖြစ် ဉာဏပိုင်ဆိုင်မှု ဥပဒေကို သင်ယူနေတဲ့ ပေါ့ပ်ဂီတ တေးရေးသမားတဦးဖြစ်တဲ့ ယူမာ ဆန်းဂ် (Yuma Sung) ကတော့ ဒီသင်ခန်းစာတွေဟာ ဘယ်လောက်အထိ သူ့ရဲ့ လက်တွေ လုပ်ငန်းခွင်မှာ အထောက်အကူ ဖြစ်နိုင်သလဲဆိုတာကို ရှင်းပြပါတယ်။
“စီးပွားရေး လုပ်ငန်းတွေအတွက် ဂီတတွေကို ကျနော်က အဓိက ရေးနေတာပါ။ တကယ်လို့သာ တယောက်ယောက်က ကျနော့် ပစ္စည်းတွေကို ခိုးဖို့ ကြိုးစားမယ်၊ ကျနော်ကလည်း ဒီကိစ္စအတွက် တရားရုံးမှာ ရှင်းဖို့လမ်းကို ရွေးချယ်မယ်ဆိုရင်၊ ဘယ်လို ကျကျနန ကိုင်တွယ်သွားရမယ်ဆိုတာကို ကျနော်သိချင်ပါတယ်။”

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဂီတပညာနဲ့ ကျောင်းပြီးခဲ့သူ တဦးဖြစ်တဲ့ မက်ဟန်တန် တေးဂီတကျောင်းရဲ့ ဥက္ကဋ္ဌုဖြစ်သူ ရောဘတ် ဆီရိုတာ ကတော့ ဒီကနေ့ခေတ်မှာ အဆင့်မြင့် နည်းပညာတွေနဲ့ ဆက်နွယ်လာနေတဲ့ ကမ္ဘာကြီးဟာ တချိန်တုန်းက ပုံစံကနေ လမ်းခွဲလာနေပြီလို့ မြင်ပါတယ်။ နိုင်ငံတကာ သံစုံတေးဂီတဝိုင်းကြီးတွေ ထင်ရှားတဲ့ ဖျော်ဖြေရေးသမားတွေ စင်တင်ပွဲတွေကို ကိုယ်တိုင် သွားကြည့်ကြတဲ့ ပရိတ်သတ်တွေ အတိုင်းအတာတခုအထိ ရှိနေဆဲ ဖြစ်ပေမဲ့လည်း အခြေအနေတွေဟာ အရင်နဲ့တော့ ကွာသွားပြီလို့ သူက ဆိုပါတယ်။
“ဒါပေမဲ့လည်း လူတွေဂီတကို နားဆင်ကြတဲ့ ပုံစံတွေကတော့ ပြောင်းသွားပါပြီ။ ဥပမာအနေနဲ့ဆိုရင် iPods တွေနဲ့ နားထောင်ကြတယ်။ Download လုပ်ပြီး နားထောင်ကြတယ်။ လူတွေအနေနဲ့ အယ်လ်ဘမ်တွေကို နားထောင်ဖို့လည်း မလိုတော့ဘူးလေ။ စီဒီတွေဆိုရင်လည်း အရင်တုန်းကလို မသုံးကြတော့ပါဘူး။ စီးပွားရေးပုံစံဟောင်းက ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး။”

ဒီကနေ့ ဂီတထုတ်လုပ်မှု လုပ်ငန်းက စီးပွားရေးပုံစံတွေ ပြောင်းလဲလာနေတာနဲ့အမျှ ဒီလုပ်ငန်းမှာ ဆက်နွယ်နေသူတွေ အဖို့လည်း အပြောင်းအလဲတွေနဲ့အညီ လိုက်နိုင်ဖို့ ကြိုးပမ်းလာနေကြရတာပါ။ တေးဂီတ စွန့်ဦးတည်ထွင်မှုဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ အက်ဒွပ် ကလိုမန်း (Edward Klorman) ကတော့ ဂီတသမားတွေဟာ စွယ်စုံလုပ်တတ်သူတွေ ဖြစ်လာနေပြီလို့ ဆိုပါတယ်။
“တခါတလေမှာ ဖျော်ဖြေမှုတွေ လုပ်မယ်။ တခါတလေမှာကျတော့လည်း စီစဉ်အုပ်ချုပ်သူ ဖြစ်နေပါလိမ့်မယ်။ ဒီလိုပဲ ကိုယ့်ရဲ့ ဂီတပွဲအတွက် ဈေးကွက်ထဲ ဖြန့်ချီတာတွေကို လုပ်နေရတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ်ဖန်တီးတဲ့ ဂီတကို နှစ်ခြိုက်တယ်ဆိုရင် ဒီအနုပညာကို ဖြန့်ချီဖို့ တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်လည်းပဲ မက်ဟန်တန် ဂီတကျောင်းက ဂီတ စွန့်ဦးတည်ထွင်မှုဌာနမှာ လေ့ကျင့်သင်ကြား ပေးနေတာပါ။”
မက်ဟန်တန် ဂီတကျောင်းမှာ ဂီတပညာသင်ကြားနေသူ တဦးဖြစ်တဲ့ မာရီ ဟွန် (Mari Hwang) ဟာဆိုရင် ဈေးကွက်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း တချိန်တည်း ဆည်းပူးနေသူ ဖြစ်ပါတယ်။ ဂီတအရည်အချင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ဆိုရမယ့် စီးပွားရေး ပညာရပ်တွေကို သင်ကြားနေရတယ် ဆိုပေမဲ့ ဒါတွေဟာ လက်တွေ့မှာ အကျိုးရှိလိမ့်မယ်လို့ သူကတော့ ယုံကြည်ကြောင်း ပြောပါတယ်။
“ဂီတကျောင်းတွေရဲ့ ပုံစံအရဆိုရင်တော့ ကျမတို့အနေနဲ့ ဖျော်ဖြေရေးအတွက်ပဲ အမြဲတမ်း အာရုံစိုက်ကြရတာပါ။ ဒါပေမဲ့လည်း လေ့ကျင့်ခန်းတွေနဲ့ပဲ အချိန်အတော်များများကို ကုန်ဆုံးရတာ ဖြစ်ပါတယ်။ ကျမတို့ ကိုယ့်ပရိတ်သတ်ကို ဘယ်လို စကားပြောရမယ်၊ ဘယ်လို တုန့်ပြန်ရမယ်၊ လူတွေအတွက် ဘယ်လို အစီအစဉ်သစ်တွေ ဖန်တီးရမယ် ဆိုတာမျိုးတွေကို မသင်ကြရပါဘူး။ ဒီမှာတော့ ဒါတွေဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါတယ်။ ဒါဟာလည်း ကျမ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာ အကျိုးရှိမယ်လို့ ထင်ပါတယ်။”

လူငယ်ဂီတသမားတွေ အနေနဲ့ သူတို့ အသက်မွေး ဝမ်းကြောင်းလုပ်ငန်း အောင်မြင်အောင် ထိန်းထားနိုင်ဖို့ ကျွမ်းကျင်မှုတွေ လိုအပ်တယ်ဆိုတဲ့ အသိက ခြောက်လှန့်နေတာကို တွေ့ရတယ်လို့လည်း မက်ဟန်တန်ဂီတကျောင်းက အက်ဒွပ် ကလိုမန်း ကပြောပါတယ်။ ဒီလို စိမ်ခေါ်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ တဦးချင်း တယောက်ချင်းရဲ့ အားစိုတ်ထုတ်မှုတွေ၊ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးနိုင်တဲ့ လက်ရှိအခြေအနေမျိုး အခွင့်အလမ်းမျိုးဟာလည်း အရင်တုန်းက မရှိဖူးသလောက်ပဲလို့လည်း ဆိုပါတယ်။

အခုအခါ မက်ဟန်တန် ဂီတကျောင်းက လူကြိုက်များတဲ့ သင်ခန်းစာတွေအနက် တေးဂီတ စွန့်ဦးတည်ထွင်မှုဌာနက သင်ရိုးတွေလည်း အပါအဝင် ဖြစ်ပါတယ်။ သင်ယူလိုသူတွေ အဆမတန် များနေတဲ့အတွက်တောင် နေရာမရနိုင် ဖြစ်နေရသလို၊ အစီအစဉ်တွေကိုလည်း တိုးချဲ့နေရတဲ့ အထိပါ။ ဒီအောင်မြင်မှုတွေရဲ့ အပြန်အလှန် အကျိုးဆက် အဖြစ်နဲ့ကတော့ တခြားဂီတကျောင်းတွေမှာလည်း နောင်အနာဂတ်မှာ ဂီတနဲ့ အသက်မွေးကြမယ့် သူတွေအတွက် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို ထည့်သွင်းပို့ချပေးဖို့ စေ့ဆော်နိုင်လာတဲ့အထိ ရေပန်းစားလာနေပြီဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG