သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူစလင်ကိုယ်စားလှယ်လောင်းများ ပယ်ချခံရ


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တခုအတွင်း စကားပြောနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဌ ဦးကျော်မင်း။ ဇန်နဝါရီ ၁၀၊ ၂၀၁၄။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တခုအတွင်း စကားပြောနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဌ ဦးကျော်မင်း။ ဇန်နဝါရီ ၁၀၊ ၂၀၁၄။

ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။ ဒီလိုပယ်ချတာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိ ဘူးလို့ ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်တွင်း ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင်း ၇ နေရာ စုစုပေါင်း ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးသွင်းထားတာပါ။

အဲဒီထဲမှာ ရခိုင်ပြည်နယ်က သူတို့ယှဉ်ပြိုင်မယ့် နေရာအားလုံးနဲ့ ရန်ကုန်တိုင်းဒေသ ကြီးတွင်း ၆ နေရာက ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိဘူးလို့ ခရိုင်ကော်မရှင် တွေက ပယ်ချခဲ့တဲ့ အကြောင်း မောင်တောခရိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။

“ပယ်တဲ့ အကြောင်းပြချက်ကတော့ ရှည်ရှည်ဝေးဝေးမရှိဘူး။ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိ သဖြင့် ပယ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ပဲ။ အန်ကယ်တို့သိတာကလည်း ရွေးကောက်ပွဲဥပဒေမှာ မပြိုင်နိုင် တဲ့လူက ရူးသွပ်တဲ့လူဖြစ်ရမယ်၊ လူမွဲကြေညာခြင်း ခံရတဲ့လူဖြစ်ရမယ်၊ ထောင်ထဲကလူဖြစ်ရမယ်၊ မတရား အသင်းနဲ့လည်း ဆက်သွယ်တဲ့လူဖြစ်ရမယ် စသည်ဖြင့်ပေါ့။ အန်ကယ်တို့က ဒါတွေ ဘာတခုမှမှ မငြိစွန်းဘူး။ သူတို့ပြောချင်တာက အန်ကယ်တို့ရဲ့မိဘများ နိုင်ငံသားမဟုတ်ဘူး၊ အမျိုးသားမှတ်ပုံတင်ကိုင်ရုံနဲ့ နိုင်ငံသားလို့ သူတို့က အသိအမှတ်မပြုနိုင်ဘူးဆိုတဲ့စကား ပြောနေတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ လွှွတ်တော်ကိုယ်စားလှယ်လောင်းအားလုံးမှာ နိုင်ငံသားမှတ်ပုံတင်တွေ ရှိနေ တဲ့အတွက်လည်း ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ဦးကျော်မင်းကဆိုပါ တယ်။ ဒါကြောင့် အခုလို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချတာဟာ ဥပဒေနဲ့မညီဘူးလို့ သူကပြော ပါတယ်။

“အမျိုးသားမှတ်ပုံတင်အပြင် စိစစ်ရေးကဒ်ပြားဆိုတာ ၈၂ ခုနှစ်နောက်ပိုင်း ပေါ်တဲ့ကိစ္စ၊ အဲဒါကိုလည်း ကျနော် တို့ရခိုင်ပြည်မှာ လူတွေကို ထုတ်ပေးတာမဟုတ်ဘူး။ အဲဒီတော့ မိဘများ နိုင်ငံသားဖြစ်ကြောင်း ဘာနိုင်ငံသား လက်မှတ် ပြရမလည်း၊ အဲဒါ လက်တွေနဲ့ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဦးတို့ကမြင်တယ်။ နောက်ပြီးတော့ အမျိုးသားမှတ်ပုံတင်ရှိရင် နိုင်ငံသားပေါ့။ အဲဒါရှိလို့လည်း အမျိုးသားမှတ်ပုံတင် ရှိတဲ့လူတွေကို ရွေးကောက်ပွဲ ဝင်ခွင့် ပြုတယ်။ ကျနော်လည်း အမျိုးသားမှတ်ပုံတင် ကိုင်တဲ့လူပဲ။ ဥပဒေမှာခွင့်ပြုလို့ နိုင်ငံသားလက်မှတ်ဆိုလို့ ကျနော်တို့ လျှောက်တာပါ။ လက်တွေ့ကျမှ အဲဒါက နိုင်ငံသားလက်မှတ်မဟုတ်ဘူး၊ ဘိုးဘွားဘီဘင် ပြရမယ် ဆိုတော့ ကျနော်က အသက် ၇၀ ရှိပြီ၊ ကျနော့်ဘီဘင်က နှစ် ၅၀၊ ၁၀၀၊ ၁၅၀ ရှိသွားပြီ၊ ၁၅၀ အရင်က အထောက်အထား ဘယ်ကနေရှာလို့ရမလည်း။”

ဦးကျော်မင်းကိုယ်တိုင်လည်း မောင်တော်ခရိုင်ကော်မရှင်ရဲ့ ပယ်ချမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရှိတဲ့ စစ်တွေမှာ မနေ့က သွားရောက်ပြီး အယူခံဝင်ထားပါတယ်။ အဖြေကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မှာသိရမယ်လို့ ဦးကျော်မင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မိဘတပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသားမဖြစ် သေးတဲ့အချက်မှာ ငြိစွန်းနေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောခရိုင်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့အယူခံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါ တယ်။ ဒီလိုပယ်ချခဲ့မှုကို အာဆီယံအမတ်များအဖွဲ့ကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် တွင်း ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးကျော်မင်းကိုမေးကြည့်တော့

“ကျနော်တို့ ရခိုင်ပြည်ဘက်မှာ ပဋိပက္ခတွေရှိတာကိုး။ အဲဒီတော့ ပဋိပက္ခလုပ်ချင်တဲ့လူတွေ ရှိကောင်းရှိမယ်။ အားနည်းတဲ့လူက နည်းနည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားရှိပါတယ်။ အင်အားရှိတဲ့လူက အနိုင်ကျင့်တဲ့ပုံစံမျိုး ရှိနိုင်ပါတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဌ ဦးကျော်မင်းကိုယ်တိုင်လည်း အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင် ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါ တယ်။ ဒါပေမဲ့ အရင် နအဖ စစ်အစိုးရက သူနဲ့ သူ့မိသားစုဝင်တွေကိုပါ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ ပါတယ်။

XS
SM
MD
LG