သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hajj လူအုပ်ပိ သေဆုံးကြရာမှာ မြန်မာ ၄ ဦးထက်မနည်း ပါဝင်


ထောင်ပေါင်းများစွာသော မူဆလင်ဘုရားဖူးများ မိစ္ဆာကျောက်တုံးရှိရာကို သွားနေကြစဉ်။
ထောင်ပေါင်းများစွာသော မူဆလင်ဘုရားဖူးများ မိစ္ဆာကျောက်တုံးရှိရာကို သွားနေကြစဉ်။

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားဖူးပွဲတော်မှာ လူအုပ်ပြိုပြီး အချင်းချင်းတက်နင်းမိလို့ သေဆုံးသွားသူ (၇၀၀) ကျော်ထဲမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၄ ဦးသေဆုံးပြီး လူ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က အတည်ပြုပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေးထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူးပွဲတော် ကျင်းပလေ့ရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နားက မီနာမြို့ကို Hajj ဘုရားဖူးလာကြတဲ့ လူအုပ်ကြီးထဲအချင်းချင်းတက်နင်းမိပြီး သေဆုံးသွားသူ အနည်းဆုံး(၇၁၇) ဦးရှိပြီး (၈၆၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပါတယ်။

မိစ္ဆာကျောက်တုံးနားမှာ ကယ်ဆယ်ရေးအရ ပြန်လည်စုစည်းထားတဲ့ ကမ္ဘာတလွှားက မူဆလင်ဘုရားဖူးများ။
မိစ္ဆာကျောက်တုံးနားမှာ ကယ်ဆယ်ရေးအရ ပြန်လည်စုစည်းထားတဲ့ ကမ္ဘာတလွှားက မူဆလင်ဘုရားဖူးများ။

အခုလို Hajj ဘုရားဖူး သေဆုံးသွားသူတွေထဲမှာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပြီး အခုချိန်ထိတော့ သေဆုံးသူ ၄ ဦးရှိတယ် လို့ အတည်ပြုပြီး ၈ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးကိုကိုလတ်က VOA ကို ပြောပါတယ်။

“အခုလောလောဆယ်အတိအကျသတင်းရထားတာကတော့ (၄) ယောက်ဆုံးတယ်ဆိုပြီး သတင်းရထားပါတယ်။ (၈) ယောက် ပျောက်နေပါတယ်။ ဒီနေ့အထိ ရတဲ့သတင်းပါ။ သေဆုံးတာက အမျိုးသမီး (၂) ယောက်၊ အမျိုးသား (၂) ယောက်ပါ။ အမျိုးသမီးနာမည်က ဒေါ်မိုးမိုးအောင် အသက် (၃၄) နှစ်ပါ၊ ရန်ကုန်ကပါပဲ။ ဒေါ်နွယ်အေး အသက် (၅၇) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။ ဦးကျော်သန်းဆိုတာ အသက် (၄၇) နှစ်၊ သူလည်း ရန်ကုန်ကပါပဲ။ ဦးမောင်မောင်လတ်ဆိုတာက အသက် (၆၁) နှစ်ပါ။ သူကတော့ သူသေဆုံးကြောင်းကို ဒီနေ့မှ အတည်ပြုလို့ရပါတယ်။ သူသေပြီဆိုတာကို သူ့ရဲ့ အေးဂျင့်ကနေ ဖုန်းဆက်လာတယ်။ အသက် (၆၁) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။”

သေဆုံးသွားသူ ၄ ဦးထဲမှာ ၃ ဦးက Multi Point Travel & Tour ခရီးသွားကုမ္ပဏီက ပို့ပေးခဲ့သူတွေဖြစ်ပြီး ကျန်တဦးကတော့ အစိုးရအစီအစဉ်နဲ့ သွားခဲ့ သူဖြစ်တယ်လို့ ဦးကိုကိုလတ်က ပြောပါတယ်။

“ဦးကျော်သန်းကတော့ အစိုးရကစေလွှတ်တဲ့အဖွဲ့ကနေ သွားတာပါ။ နောက်ထပ် သုံးယောက်သေဆုံးသွားသူတွေကတော့ Multi Point Travel & Trur ကနေ သွားတာပါ။ (၈) ယောက် ပျောက်နေတဲ့အုပ်စုကလည်း Multi Point Travel & Tour က လူတွေပါပဲ။ ဦးကျော်သန်း၊ (၄၇) နှစ် သူကတော့ သေဆုံးသွားပြီး မနေ့က သင်္ဂြိုဟ်ပြီးပါပြီ။ ကျန်တဲ့လူတွေကတော့ သေဆုံးပြီဆိုတာတော့ confirm ရတယ်၊ အခု ရေခဲတိုက်ထဲမှာရှိတယ်။ သင်္ဂြိုဟ်ခွင့်မရသေးပါဘူး။”

ဆော်ဒီအာရေဗျနိုင်ငံက Hajj ဘုရားဖူးပွဲတော်ကို မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ နှစ်စဉ် (၅,၀၀၀) ဝန်းကျင်လောက် သွားလေ့ရှိပြီး ဒီနှစ်မှာတော့ ဒီနှစ်မှာ (၄,၀၀၀) ဝန်းကျင် ဘုရားဖူးသွားခဲ့တယ်လို့ အစ္စလာမ်ရေးရာအဖွဲ့ချုပ်ဝင် ဦးဝင်းထွန်းစိုးက ပြောပါတယ်။

“ဗမာပြည်ကနေ Hajj သွားတဲ့ (၄) ထောင်ကို ကုမ္ပဏီပေါင်း (၅၀) ကျော်လောက်က ပို့တယ်။ အရင်နှစ်တွေက (၅) ထောင်တွေ၊ (၅ ထောင့် ၅၀၀) တွေ၊ (၆) ထောင်တွေ ပေးတယ်ဗျ။ အဓိက ခွဲတန်းကတော့လေ ဆော်ဒီကပေးတာဗျ။ နိုင်ငံတနိုင်ငံကို ပေးတဲ့ခွဲတန်းပေါ်မှာ သံရုံးကနေတဆင့် ဒီက ကုမ္ပဏီတွေအနေနဲ့ ဒီက ဘာသာရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပြန်ချပေးတာပေါ့။ ကျနော်ပြောတဲ့ (၄) ထောင်ထဲမှာ (၂၈၀) ကကျတော့ မဲဟာဂျီလို့ခေါ်တဲ့ ဆော်ဒီအစိုးရကနေ လက်ဆောင်ပေးတဲ့ဟာဂျီဆိုတာ သပ်သပ်ရှိတယ်။ အဲဒါက (၂၈၀)။ အဲဒါကကျတော့ဗျာ-သူတို့ဟိုမှာ စရိတ်တွေ သက်သာတယ်။ အရင်နှစ်တွေက သာသနာရေးဝန်ကြီးဌာနက ကိုင်တယ်။ သာသနာရေးဝန်ကြီးဌာနကတဆင့် ကုမ္ပဏီကိုပြန်ပေးပြီးတော့ ကုမ္ပဏီတွေကတဆင့် ပြန်ပွား…အဲဒါကြောင့် မဲဟာဂျီခေါ်တာပေါ့ဗျာ။ ကျနော်တို့က ဒီမှာ အဲဒါတွေကို မဲနှိုက်ပြီးတော့ ပေးတာ။ ကျန်တဲ့ဟာတွေကတော့ သံရုံးကတဆင့်မှ Travel & Tour ကုမ္ပဏီတွေကို ပြန်ချိတ်ပေးတာပါ။”

ဒီနှစ် Hajj ဘုရားဖူးပွဲတော်မှာ မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ အခုလို သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းရကြောင်း မြန်မာ မွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ ဦးကိုကိုလတ်ပြောတာက -

“သေဆုံးသူတွေအတွက် ကျနော်တို့ ဘာသာရေးအဖွဲ့အစည်းအနေနဲပတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ သေဆုံးသွားတာနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆော်ဒီသံရုံးကို သူတို့ ဘာကြောင့်သေဆုံးသွားရတယ်ဆိုတာ ဆော်ဒီအစိုးရကနေ လက်ရှိလုပ်နေတဲ့ inquiries တွေကိုလည်း ကျနော်တို့က မိသားစုတွေကို ပြန် sharing လုပ်မှာပါ။ ကျနော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းအနေနဲ့ကတော့ သေဆုံးသွားတဲ့မိသားစုတွေကို သွားပြီး တွေ့ဆုံပြီးတော့လည်း အားပေးစကားပြောမှာလည်း ဖြစ်ပါတယ်။”

၁၉၉၀ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် လူသေဆုံးမှုပြဇယား။
၁၉၉၀ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် လူသေဆုံးမှုပြဇယား။

Hajj ဘုရားဖူးပွဲတော်ဟာ ၅ ရက်ကြာကျင်းပတာဖြစ်ပြီး ပွဲတော်အစပိုင်းကာလမှာ ရိုးရာဓလေ့အရ မိစ္ဆာလို့သတ်မှတ်ထားတဲ့တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ လူသန်းနဲ့ချီလာရောက်တဲ့ Hajj ဘုရားဖူးပွဲတော်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း လူအုပ်ပြိုပြီး ဘုရားဖူးအချင်းချင်း နင်းမိတာကြောင့် သေဆုံးတာတွေ အကြိမ်အများအပြား ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ Hajj ဘုရားဖူး ၂ သန်း ကျော် လာရောက်တယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG