သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်လုံးကျွတ် မွတ်ဆလင်ညီလာခံ စက်တင်ဘာမှာကျင်းပမည်


ပြည်လုံးကျွတ်မွတ်ဆလင် ညီလာခံဖြစ်မြောက်ရေးကော်မတီ သတင်းစာရှင်းလင်းပွဲ။ (VOA-မြန်မာပိုင်း/မေ ၅၊ ၂၀၁၄)
ပြည်လုံးကျွတ်မွတ်ဆလင် ညီလာခံဖြစ်မြောက်ရေးကော်မတီ သတင်းစာရှင်းလင်းပွဲ။ (VOA-မြန်မာပိုင်း/မေ ၅၊ ၂၀၁၄)
လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ရည်ရွယ်ပြီး ပြည်လုံးကျွတ် မွတ်စလင်ညီလာခံတရပ် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေအပေါ် အထင်အမြင် လွဲမှားစေမယ့် ပြောဆိုမှုတွေကိုလည်း တားဆီးနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ညီလာခံစီစဉ်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အနာဂတ် မြန်မာနိုင်ငံမှာ ဘာသာမတူ ကိုးကွယ်သူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ အမုန်းစကား ပပျောက်စေရေးရည်ရွယ်ပြီး ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖွား မွတ်ဆလင်တွေ အပေါ်မှာ အထင်အမြင်လွဲမှားမူတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့လည်း ဒီကနေ့ ရန်ကုန် တော်ဝင်နှင်းဆီမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

“ဒီနေ့ လူတွေအထင်မှားတာ-- လူ့အဖွဲ့အစည်း၊ ဘာသာတူတဲ့သူတွေ၊ နောက် --မွတ်ဆိုဖိုဘီးယား၊ တာလီဘန် စသဖြင့် အထင်အမြင်လွဲမှားမှုတွေ လုံးဝမဟုတ်ပါဘူး။ ဒါတွေကို ကျနော်တို့ပြည်ထောင်စုသားတွေ ကြားထဲမှာ သမိုင်းမှာလည်း အမှန်အတိုင်း ဖော်ထုတ်လိုတဲ့ ဆန္ဒရှိပါတယ်။”

ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကိုတော့ လာမယ့် လေးလအတွင်း ကျင်းပဖို့ စီစဉ်ထားပြီး စက်တင်ဘာလထဲမှာ ကျင်းပနိုင် မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။ ညီလာခံဖြစ်မြောက်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေဦးအုန်းမောင်ကတော့ မွတ်ဆလင် လူနည်းစုတွေအပေါ် အထင်အမြင်လွဲမှားအောင် ပြောဆိုချက်တွေကို ပြန်လည်ရှင်းပြလိုတဲ့အတွက် အခုလို ညီလာခံ ကျင်းပဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဟာ ကျနော်တို့ကိုယ်ကျနော်တို့ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုသားတွေထဲက ပြည်ထောင်စုသားတွေလို့ ကျနော်တို့က ခံယူပါတယ်။ အဲဒီလိုခံယူတဲ့အတွက် ပြည်ထောင်စုသားတွေနဲ့ တသားတည်းရှိပါတယ်။- ဒါကြောင့် ကျနော်တို့က ဘာသာ၊ လူမျိုး၊ ခွဲခြားတဲ့စိတ် လုံးဝ မရှိပါဘူး။ သို့သော် တိုင်းရင်းသား ညီအကို မောင်နှမတွေက သူတို့ရဲ့အမျိုးသားရေး၊ သူတို့ရဲ့ညီလာခံတွေ၊ သူတို့ရဲ့အစည်းအဝေးတွေ အသီးသီး ကျင်းပကြတယ်။ အဲဒီလိုပဲ ကျနော်တို့လည်း ပြည်ထောင်စုသားထဲက ပြည်ထောင်စုသားအနေနဲ့ မွတ်ဆလင်တွေရဲ့အရေးကို ဒီလို ဥပဒေဘောင်ထဲက ကျင်းပတဲ့အခါမှာ ကျနော်တို့မိတ်ဘက်ဖြစ်တဲ့ ပြည်ထောင်စုသားထဲက ညီအကို မောင်နှမတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဧည့်သည်တော်အဖြစ် ဖိတ်ကြားဖို့ အစီအစဉ်ရှိပါတယ်။ သို့သော် ရရှိနိုင်မယ့် နေရာအခက်အခဲနဲ့ ခွင့်ပြုနိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အတိမ်အနက်ကွာခြားမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေပါ လာရောက်ပြီးတော့ တက်ရောက်စေချင်တဲ့စေတနာ ကျနော်တို့မှာ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ရာမှာ မွတ်ဆလင်လူနည်းစု အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခွဲခြားဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဝေဖန်ခဲ့ကြ တာပါ။ လူပေါင်း ရာဂဏန်းအထိ ထိခိုက်သေကျေပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကြောင့်လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ် လို့ ကတိပြုထားတဲ့ မြန်မာအစိုးရအတွက် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာ ထိခိုက်နိုင်သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG