ဖိလစ်ပိုင်နိုင်ငံမှာ မွတ်ဆလင် သူပုန်အုပ်စု တစ်စုအနေနဲ့ အဖွဲ့ငယ်လေးတွေခွဲလှုပ်ရှားလာတာကြောင့် ပြီးခဲ့တဲနှစ် (၅) လကြာတိုက်ခိုက်မှုတွေအပြီး နောက်ထပ် တိုက်ခိုက်မှုတွေပြန်ဖြစ်လာနိုင်တာမို့ ဖိလစ်ပိုင် အစိုးရတပ်တွေဖက်ကလည်း တန်ပြန်ပြင်ဆင်မှုတွေလုပ်နေပါတယ်။
နိုင်ငံတောင်ပိုင်းက Marawi မြို.ကြီးမှာ စစ်ပွဲတွေစဖြစ်စေခဲ့တဲ့ Maute Group (ခေါ်) IS အစ္စလာမစ်အကြမ်းဖက်တွေကို ထောက်ခံတဲ့ ဒီဖိလစ်ပိုင်သူပုန်အုပ်စုအနေနဲ့ ပြီးခဲ့တဲ အောက်တိုဘာလတိုက်ပွဲတွေအပြီးကထဲက ရှေ.တန်းစခန်းငယ်ပေါင်း (၁၀) ခု ဖြန့်ခွဲချလိုက်ပြီး အင်အား ၃၀၀ ခန့်ရှိတယ်လို့ ဖိလစ်ပိုင် သတင်းအင်တာနက်စာမျက်နှာ Rappler မှာ ဒီအပတ်ထဲ ဖော်ပြလိုက်ပါတယ်။
ဖိလစ်ပိုင် စစ်တပ်အနေနဲ့လည်း တိုက်ခိုက်မှုတွေပိုဖြစ်လာမှာ အတွက်ပြင်ဆင်မှုတွေလုပ်နေပါတယ်။ ဇန်နဝါရီ ၃၀ တုန်းက အစိုးရတပ်တွေအနေနဲ့ Marawi မြို.မှာ မဟာဗျုဟာ စခန်းသစ်တစ်ခုဖွင့်ပြီး IS စစ်သွေးကြွတွေကို အားကျတဲ့ Maute အကြမ်းဖက်အဖွဲ့တွေကို ဒီမြို.ထဲပြန်ဝင်မလာနိုင်အောင် ကာကွယ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တိုက်ပွဲတွေအတွင်း Maute အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တွေ တိုက်ပွဲမှာကျဆုံးခဲ့ပြီး အဓိက တိုက်ခိုက်ရေးသမားပေါင်း ၁၁၂၇ ဦးထဲက ၉၀၀ ခန့် ကျဆုံးခဲ့ပေမဲ့၊ ဒီအပေါ် မခံမရပ်နိုင်ဖြစ်နေတဲ့ မသေပဲ ကျန်ခဲ့တဲ့ တိုက်ခိုက်ရေသမားတချို. ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒီအုပ်စုအဖွဲ့ဝင်တွေ ပြန်လှုပ်ရှားလာတာကြောင့် ခရစ်ယာန်အများစုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံထဲမှာ သမိုင်းဝင်မွတ်ဆင်တွေနေထိုင်ရာ နိုင်ငံတောင်ပိုင်း Mindanao ကျွန်းမှာ လူများစုအုပ်စိုးလာတာတဲ့အပေါ် မကျေနပ်မှုတွေကို တိုက်ပွဲတွေနဲ့ဖြေရှင်းလာပေမဲ့ အခြေအနေ ဆက်လက်ဆိုးဝါးလာနေတာကို ပြနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။