သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းကျေးရွာ မွတ်စလင်မိသားစု စာရင်းကောက်


ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် အများစုနေတဲ့ နေရာတွေမှာ သုံးမျိူးစာရင်းစစ်ဆေးတဲ့ အိမ်ထောင်စု စာရင်းကောက်ခံမှုတွေကို သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကနေ တရားမဝင် ဝင်ရောက်လာနိုင်သူတွေကို စိစစ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းထဲက ပုံမှန်လုပ်နေတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးအကဲက ဗီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင် မောင်းတော ရသေ့တောင်နယ်မြေအတွင်းက ရွာတွေမှာနေထိုင်ကြတဲ့ မွတ်ဆလင်မိသားစုဝင်တွေကို သုံးမျိုးစာရင်းစစ်ဆေးခြင်းလို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းကောက်ခံခြင်းကို အခုလဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ပီး စစ်တမ်းကောက်ခံနေတာဖြစ်ပါတယ်။ သုံးမျိုးစာရင်းစစ်ဆေးခြင်းလုပ်ငန်းဆိုတာကတော့ ကျေးရွာမြေပုံရေးဆွဲပီး နေအိမ်ရယ်၊လူပုဂ္ဂိုလ်ရယ်ဓာတ်ပုံရယူထားပီး အိမ်ထောင်စုစစ်ဆေးတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ထွဋ်က ပြောပါတယ်။

“ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးတာပါ။”

လက်ရှိမှာတော့ အိမ်ထောင်စု ၃၈၃ စုကို စစ်ဆေးပြီးသွားပြီလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ သြဂုတ်လကုန်ပိုင်းက မောင်တောခရိုင်ထဲက လုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ရာကစလို့ ရခိုင်ပြည် နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်အမြောက်အများ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်သွားကြပါတယ်။ အခုအစိုးရက ဆောင်ရွက်နေတဲ့ သုံးမျိုးစာရင်း ကောက်ခံခြင်းလုပ်ငန်းဟာ လာမယ့် ၂၀၁၈ မတ်လမှ ပီးမှာဖြစ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ အရေအတွက်ကိုတော့ အဲဒီအခါကျမှဘဲစာရင်းအတိအကျ သိရမှာဖြစ်တယ်လို့ ဦးကျော်ထွဋ်က ပြောပါတယ်။

အခုလို ၃ မျိုး စာရင်းကောက်ခံမှုကို ဘင်္ဂလားဒေရှ့် မြန်မာနယ်စပ်ဒေသမှာသာ ကောက်ခံတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် လာသူတွေ ဝင်လာခဲ့ရင် ရှာလို့ မလွယ်တဲ့အတွက် အခုလို စာရင်းကောက်ခံ မှတ်သားထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ခိုးဝင်နိုင်တဲ့သူ နောက်ထပ် ဘင်္ဂလားဒေ့ရှ်ကလူတွေလာရောရင် သူတို့က အသားအရောင်လည်းတူတယ်၊ စကားပြောတာလည်းတူတယ်၊ ယဉ်ကျေးမှုကလည်းတူတယ်။ လာရောရင် ကျနော်တို့က ရှာဖွေတွေ့ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ဓါတ်ပုံနဲ့ မှတ်တမ်းတင်ထားတာဗျ။”

အခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ လာမယ့်ဇန်နဝါရီလ ၂၃ရက်နေ့မှာ စတင်လက်ခံသွားနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဒုက္ခသည်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောပေမဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအဖြစ် သတ်မှတ်ခေါ်ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG