လက်ရှိစစ်အစိုးရနဲ့ ဆက်ဆံရေးအခြေအနေတင်းမာနေတဲ့ မွန်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ လာမယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားတဲ့အပေါ် စစ်အစိုးရကနေ လက်မခံခဲ့တာကြောင့် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒအရ မဲရုံတွေမှာ မဲသွားပေးမယ်ဆိုရင်တော့ နှောင့်ယှက်ဟန့်တားခြင်း ပြုမှာမဟုတ်ဘူးလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်က တင်ပြထားပါတယ်။
အပစ်ရပ်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရကနေကျင်းပပေးမယ့် အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးတော့ မနေ့ညနေပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းကနေ ပါတီရဲ့သဘောထားတွေကိုရှင်းပြခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ ဘာကြောင့် ဒီ ရွေးကောက်ပွဲကိုဆန့်ကျင်ရသလဲဆိုတာကို နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက အခုလိုပြောပါတယ်။
“ရွေးကောက်ပွဲမှာ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ပါဝင်သင့်သူများ စုံစုံ လင်လင် ပါဝင်နိုင်ရေးကို လစ်လျူရှုပြီးတော့ နိုင်ငံတကာက လေ့လာစောင့်ကြည့်မှုကိုလည်း ငြင်းပယ်ထားခြင်းဟာ ပွင့်လင်း မြင်သာ ရိုးသားမှုရှိနိုင်တဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း၊ ဒါကြောင့်လည်း အဲဒီ ရွေးကောက်ပွဲကို မထောက်ခံ အသိအမှတ်မပြုနိုင်ပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လိုခြင်း မဟုတ်ပါ။ မတရားသောရွေးကောက်ပွဲကို ငြင်းပယ် အသိအမှတ်မပြုခြင်း သည် တရားသောရွေးကောက်ပွဲကို ကြိုဆိုလမ်းခင်းပေးလိုသာခြင်းသာဖြစ်သည်”
အဲဒီလို မွန်ပြည်သစ်ပါတီကနေ ရွေးကောက်ပွဲကို ကန့်ကွက်အသိအမှတ်မပြုနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် မွန်နိုင်ငံရေးပါတီအပါအဝင် တခြား တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပေါ်မှာ ထိခိုက်မှု ရှိမရှိ မေးခွန်းအပေါ်နိုင်ဟံသာဗွန်ခိုင်းကနေ အခုလို ဖြေကြားသွားပါတယ်။
“မထိခိုက်ဘူးထင်တာဘဲ။ ဘာလို့လဲ ဆိုတော့ တကယ်လို့ ဒီရွေးကောက်ပွဲဟာ ဘယ်ကို ဦးတည်လဲ ဆိုတာတော့ လူတိုင်း သိပါတယ်။ ဒါတွေကိုတော့။ အခုရွေးကောက်ပွဲဟာ ဒီစစ်အစိုးရက စိတ်ကြိုက် ရေးဆွဲပြီးတော့နော် နည်းမျိုးစုံ အတည်ပြု စေခဲ့တဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အသက်သွင်းတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ အဓိကကတော့ ဒီရွေး ကောက်ပွဲဟာ စစ်အာဏာရှင် ဆက်လက်ထိန်းသိမ်းနိုင်ရေး သက်ဆိုးရှည်နိုင်ရေးအတွက်တာလို့ ယုံကြည်တယ်လေ”
မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ပြောပေမဲ့လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂ဝ ရက်နေ့တုန်းက မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ မ. ယ. က အဖွဲ့တွေက လာရောက် တွေ့ဆုံပြီး ဒေသခံတွေ မဲပေးနိုင်ရေးအတွက် ဆွေးနွေးမှုတွေရှိနေတယ်လို့ ပါတီဝင်တချို့က ပြောပါတယ်။ အဲဒီထားဝယ်ခရိုင် ဌာနချုပ်ဂွင်မှာ မဲရုံဆောက်လုပ်ပေးမှာဖြစ်ပြီး နိုင်ငံရေး စီစစ်ရေး ကဒ် မရှိတဲ့သူတွေကိုလဲ ကြိုတင်မဲထည့်ခွင့်ပေးမယ်လို့လည်း ကလိန်အောင်မြို့နယ်ခွဲက မ. ယ. က တွေ ပြောဆိုမှုတွေရှိနေပါတယ်။ အဲဒီဖြစ်စဉ်အပေါ် မွန်ပြည်သစ်ပါတီရဲ့ သဘောထားကို မေးမြန်းခဲ့ရာမှာတော့ နိုင်ဟံသာ ဗွန်ခိုင်းက အခုလိုဖြေကြားသွားပါတယ်။
“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ သတင်းရှိတယ်လေ။ ဒါပေမဲ့ အချက်အလက်ပေါ့နော် အပြည့်အစုံ မရသေးဘူး။ ပြည်သူလူထုအနေဖြင့် မလွှဲမသာ မရှောင်သာမဲရုံကိုသွားတာတို့ နောက်ပြီး မိမိတို့အခွင့်အရေးလို့ ယူဆပြီးတော့ မိမိတို့စိတ်ကြိုက် မဲဆန္ဒပေးခြင်းကို မွန်ပြည်သစ် ပါတီ အနေနဲ့ ဟန့်တားခြင်းပြုမည်မဟုတ်ပါ။ ဒါလူထုရဲ့ သဘောဆန္ဒကိုသာ ကျနော်တို့ အလေးအနက် ထားပြီးတော့ပေါ့နော် ဒါ သူတို့ကို ဟန့်တားတာတို့ အနှောင့်အယှက်ပြုတာတို့ လုပ်မှာမဟုတ်ဘူး”
မွန်ပြည်သစ်ပါတီရဲ့ အခုလို ကြေညာချက်ထုတ်ပြန်ထားတာဟာ ပါတီဌာနချုပ် ဝန်းကျင်ဒေသ အတွက်သာ သက်ရောက်မှုရှိမယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းတုံးကလည်း မွန်လူမျိုးရေးရာ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ မဲရုံမသွားရေး၊ မဲမပေးရေး လှုံ့ဆော်ကြေညာချက်တွေထုတ်ပြန်ခဲ့ပါသေးတယ်။ လက်ရှိ စစ်အစိုးရကနေ ဦးစီးကျင်းပပေးမယ့် ရွေးကောက်ပွဲအပေါ်မှာ မွန်ပြည်သစ်ပါတီအပါအဝင် အန်အယ်လ်ဒီ ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကရော ညီညွတ်သော တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့တို့ကလည်း ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ အခုဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စီ. အာ. ပီ. ပီ ခေါ် လွှတ်တော်ကိုယ်စားပြုကော်မတီမှ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စည်းရုံးရေးခရီးစဉ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်ခင်ဗျား။