သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ရေး John Kerry ချီးကျူး


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လွှတ်တော်နဲ့ အတူတကွ လုပ်ကိုင်နေကြတာဟာ အလားအလာကောင်းဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို အသိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

“မြန်မာ အစိုးရရဲ့ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရရှိထားတဲ့ ကိစ္စတွေကို အထင်မကြီးဘဲ နေဖို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့မှာ သမ္မတ ဦးသိန်းစိန်ဟာ အရင် စစ်ဗိုလ်ဟောင်းတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်တဲ့ လွှတ်တော်နဲ့ လက်တွဲ အလုပ်လုပ်နေပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာလည်း အများကြီး တွေ့ရပါတယ်။ ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အမေရိကန် သမ္မတရဲ့ ထောက်ခံမှုကို ရရှိနေပါတယ်ဆိုတဲ့ အကြောင်း မြန်မာပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ။်

နေပြည်တော်မှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အာဆီယံနဲ့ - အမေရိကန်ပြည်ထောင်စု သီးသန့် ဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အာဆီယံဒေသတွင်း အငြင်းပွားကိစ္စဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာရဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်းပဲ ငြိမ်းချမ်းစွာ ညှိနိုင်းဖြေရှင်းကြဖို့ တိုက်တွန်းသွားပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဒီကနေ့မနက်မှာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူးလို့ ဝန်ကြီး Kerry ကို ပြောဆိုလိုက်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ဆွေးနွေးပွဲများအတွင်းမှာတော့ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး၊ ရှေ့ကိုပဲ ဆက်သွားဖို့ရှိတယ်။ ဒီလို ရှေ့ဆက်သွားနိုင်အောင်လည်း အမေရိကန်အပါအဝင် နိုင်ငံတကာက ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများရဲ့ အောင်မြင်မှုကို သူတို့အနေနဲ့ ချီးလည်းချီးကျူးတယ်၊ အသိအမှတ်လည်းပြုတယ်။ တဘက်ကလည်း ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။”

ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုဖြစ်နေတဲ့ ရခိုင်ပြည်နယ်အရေး၊ လူ့အခွင့်အရေးမြှင့်တင်မှု အခြေအနေတွေအပါအဝင် ငြိမ်းချမ်းရေး မြှင့်တင်မှုတွေကို သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Kerry တို့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် နည်းပညာဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဝန်ကြီး Kerry ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်နေပြီး မနက်ဖြန် သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပမယ့် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးညီလာခံကို ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အာရှ ထိပ်သီးညီလာခံအကြို အရှေ့အာရှနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့အစည်းအဝေးမှာလည်း ဝန်ကြီး Kerry ပါဝင် ညှိနှိုင်းမှာ ဖြစ်ပါတယ်။

ARF အစည်းအဝေးမှာ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ နျူကလီယား လက်နက်မပြန့်ပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု အထောက်အကူပြုရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ လုံခြုံရေးရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာဖြစ်တယ်လို့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံရေး ဝန်ကြီး Daniel Russel က သြဂုတ်လ (၄) ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

သမ္မတ Obama အစိုးရက အာရှဒေသတွင်း တည်ငြိမ်ရေးနဲ့သာယာဝပြောရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေသလို အာရှဒေသတွင်း အဖွဲ့အစည်းတွေ ဖွံဖြိုးရေးကိုလည်း ဦးစားပေးတဲ့ မူဝါဒကို အာရုံစိုက်လာပါတယ်။ ဒါကြောင့် ဝန်ကြီး Kerry ရဲ့ အခု ခရီးစဉ်ဟာ အာဆီယံဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အာဆီယံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ ရှေ့နှစ်ကုန်မှာ အာဆီယံအသိုင်းအဝန်း တစ်စုတစ်စည်းတည်း ဖော်ဆောင်မှာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပိုပြီး အာရုံစိုက်လာတာဖြစ်ပါတယ်။

XS
SM
MD
LG