သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာ အလုပ်သမားတွေ ပတ်စ်ပို့ သက်တမ်းတိုးရေး ပြဿနာ ကြုံ


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနဲ့ မြန်မာနိုင်ငံအကြားရရှိထားတဲ့ MoU နားလည်မှုစာချွန်လွှာနဲ့ ထိုင်းနိုင်ငံမှာသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အတော်များများရဲ့ အလုပ်လုပ်ခွင့်ဗီစာပါတဲ့ ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးကုန်ပြီဖြစ်တဲ့အတွက် အဲဒီ အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က စတင် ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆောင်ရွက်တာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံဘက်မှာ ဗီဇာသက်တမ်းပြန်တိုးပြီးရင် ပြန်လာလို့ ရပါတယ်လို့ မြန်မာသံရုံး တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ဥပဒေလမ်းကြောင်းအရ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း မရှိအောင် ထိုင်းနဲ့ မြန်မာအကြား MoU နားလည်မှုစာချွန်လွှာထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ နားလည်မှုစာချွန်လွှာစထိုးပြီးကတည်း ထိုင်းနိုင်ငံအတွင်းမှာ သွားရောက်အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား အတော်များများရဲ့ ၄ နှစ် အလုပ်လုပ်ခွင့် သက်တမ်းဟာလည်း ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ဗီစာသက်တမ်းကုန်ဆုံးတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က စတင် ဖမ်းဆီးနေပြီလို့ မဟာချိုင်ဒေသက မြန်မာလူငယ် အလုပ်သမားတဦးက ပြောပြပါတယ်။

“အတော်များများပဲ အဖမ်းခံနေရတာ။ နေ့စဉ်နေ့တိုင်းပဲ အဖမ်းခံထိကြတာ။ တနေ့ကို အယောက် ၂၀- ၃၀ ဝန်းကျင်တော့ အဖမ်းခံထိနေကြတာပဲ။ သူ့ထက်ပိုရင်သာ ပိုမယ်ပေါ့။ ကျနော့ပတ်ဝန်းကျင်မှာတော့ အဲလောက်ပဲ သိတယ်။ ကျန်တဲ့နေရာတွေမှာ ဘယ်လောက်များနေလဲ၊ ကျနော်လည်းမသိဘူး။ သူတို့ဖမ်းလို့မိရင် ဒဏ်ကြေးဆောင်ရတယ်။ ဒဏ်ကြေးဆောင်ပြီးမှ ပြန်လွှတ်ပေးတယ်ပေါ့။ ပြန်လွှတ်ပေးတဲ့သူတွေကို ထပ်မိရင် ထပ်ပြီး ဒဏ်ကြေးဆောင်ရတယ်။ သူတို့ ပိုက်ဆံရတာပေါ့ အကိုရာ။”

အလုပ် လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးသူတွေအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ မြန်မာနိုင်ငံဘက်ကို ပြန်ပြီး သက်တမ်းတိုးမှ ရနိုင်မယ်ဆိုတဲ့အချက်ကို မြန်မာအလုပ်သမားတွေအကြား ရေရေလည်လည် နားမလည်သူတွေလည်း ရှိနေတာပါ။ ဒါပေမယ့် ဗီဇာသက်တမ်း မကုန်ဆုံးခင်ကတည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေဖက်က ကြိုတင် ပြင်မှုအားနည်းတာတွေရှိခဲ့သလို ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်း သက်တမ်းတိုးပေးရေး လုပ်ဆောင်ဖို့ အားနည်းမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ အလုပ်သမားအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ BAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းက မသက်သက်ဦးက ပြောပါတယ်။

“ဒီစီမံကိန်းက ဒီနှစ်က ၉ လပိုင်းကစလာကြတယ်ဆိုရင် တကယ်ဆိုရင် ဒီကိစ္စလုပ်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အစီအစဉ် ချထားရမယ်။ သူတို့က အစီအစဉ် မချထားခဲ့တဲ့အခါ ၉ လပိုင်းရောက်တော့ ၄ နှစ်သက်တမ်း ကုန်နေတဲ့သူတွေ စလာပြီ၊ ၁၀ လပိုင်းလည်း စလာပြီ။ အခု ၁၁ လပိုင်း၊ ၁၂ လ၊ ၁ လ၊ ၂ လပေါ့နော်- ၆ လကို ဝင်လာခဲ့ပြီဆိုတဲ့အခါမှာ ပြဿနာက ဘာဖြစ်လဲဆိုတော့ ထိုင်းအစိုးရမတည်ငြိမ်တာတစ်ခုက အကြောင်းပြလို့ရသွားတယ်။ အစိုးရလက်မှတ်ထိုးမယ့်သူလည်း မရှိဘူးပေါ့ကွယ်၊ အဲဒီလိုမျိုးပေါ့၊ တကယ်ဆို ဟိုတုန်းကတည်းက ဒါတွေဟာ အကုန်လုံးစီမံကိန်းချရမယ့် ကိစ္စတွေပေါ့နော်၊ နောက်ကျခဲ့တယ်။ နောက်ကျတော့ အခုအလုပ်သမားတွေက ရနိုးနိုး၊ ရနိုးနိုးနဲ့ ပွဲစားတွေဆီမှာ ပေးလိုက်၊ အလိမ်ခံလိုက်နဲ့ အဲလိုမျိုးနဲ့ အခု စာအုပ်သေတာတွေ အများကြီးပဲလေ။”

ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားရေးရ တာဝန်ခံ ဦးကျော်ကျော်လွင်ကတော့ ဒါဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့ မြန်မာပြည်ဖက်ကိုပြန်ပြီး သက်တမ်းတိုးတဲ့ နည်းလမ်းကလွဲပြီး တခြားမရှိဘူးလို့ ဆိုပါတယ်။

“ဒီနှစ် ပြည့်ပြီးသွားတဲ့လူကတော့ ထိုင်းအလုပ်သမားဌာနက ကြေညာတာကတော့ ဒီကနေ ပြန်ပြီးတော့ MOU နဲ့ အသစ်ပြန်ဝင်လာခဲ့- အဲလိုပြောထားတယ်။ ၄ နှစ်မပြည့်သေးသူကတော့ ကြေညာနေပြီလေ။ အလုပ်ရှင်ဆီမှာ - အလုပ်ရှင်က လျှောက်လွှာတွေနဲ့ မြို့နယ်အလုပ်သမားရုံးတွေမှာ စလျှောက်ပြီးတော့ စလုပ်လို့ရနေပြီလေ။ ပြီးရင် မကြာခင်လည်း စခန်းတွေဖွင့်တဲ့အခါကျတော့ စခန်းတွေမှာ သွားပြီးတော့ run လိုက်ရင် အဆင်ပြေသွားမှာပေါ့နော်။ အဲလိုမျိုး ရှိပါတယ်။ ပြည့်ပြီးသွားရင်တော့ ထိုင်းနိုင်ငံရဲ့ Immigration Act အရဆိုရင်တော့ ဗီဇာမရှိဘူးဆိုရင် နေလို့မရဘူးလေ၊ Over stay ဖြစ်သွားမှာပေါ့။ Over Stay မဖြစ်အောင် ပြန်ပြီးတော့ နယ်စပ်ကိုပြန်ထွက်လိုက်၊ ထွက်ပြီးတဲ့ အခါကျတော့မှ MOU နဲ့ ပြန်ဝင်လာခဲ့ပါ။ အလုပ်လုပ်ချင်တယ်ဆိုရင် MOU နဲ့ ပြန်ဝင်လာခဲ့ပါဆိုပြီးတော့ ထိုင်းအလုပ်သမားဌာနက ကြေညာနေတာလေ။”

အခုဖြစ်နေတာက စာအုပ်အနီလို့ခေါ်တဲ့ အလုပ်လုပ်ခွင့် ဗီဇာပါတဲ့ ယာယီစာအုပ် ကိုင်ဆောင်ထားသူတွေသာဖြစ်ပါတယ်။ အဲဒီနောက်မှာ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအကြား ရရှိထားတဲ့ နောက်ဆက်တွဲ သဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းမှာ ထုတ်ပေးထားတဲ့ စာအုပ်အပြာ ကိုင်ဆောင်ထားသူတွေ အကြားမှာလည်း အလုပ်လုပ်ခွင့် ဗီဇာရရှိရေး၊ အလုပ်အကိုင်ရရှိရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဒီမှာ နောက်ထပ် ထပ်ပြီးတော့ သူတို့ရိုက်ပေးထားတယ်လေ။ ထိုင်းနိုင်ငံမှာလာပြီးတော့ မြန်မာ-ထိုင်း နှစ်နိုင်ငံဗီဇာဆိုပြီးတော့ လာလုပ်ပြီးတော့ အဲဒီမှာ ထပ်ထုတ်ပေးတဲ့ ပတ်စ်ပို့စာအုပ် အပြာတွေ ရှိတယ်လေ။ အဲဒီ အပြာသမားတွေကိုကျတော့ သူတို့က ဘယ်လိုပြောသလဲဆိုတော့ Work Permit ဆက်လုပ်ရတာပေါ့။ Work Permit တစ်နှစ်စာ၊ တစ်နှစ်စာအတွက်ပဲ သူတို့လုပ်ပေးတယ်လေ။ Work Permit မရှိလု့ိရှိရင် အလုပ်ထဲကနေ ထွက်ရတယ်။ ပြီးတော့ Work Permit သေသွားလို့ရှိရင်လည်း အဖမ်းခံရတယ်ပေါ့-အဲလိုမျိုး။”

ထိုင်းနိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေသူတွေကတော့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေ ၃ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးတာ၊ အကြံဉာဏ်တောင်းယူတာ၊ လုပ်ဆောင်ရမယ့် အခြေအနေတွေကို ရှင်းပြတာတွေ မြန်မာအလုပ်သမား အများစုရှိရာ မဟာချိုင်ဒေသမှာ ပြုလုပ်သွားဖို့ ပြင်ဆင်နေကြပါတယ်။
XS
SM
MD
LG