သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cardinal ဘုန်းတော်ကြီး ရွေးချယ်မှု မြန်မာဘာသာရေး ခေါင်းဆောင်တွေ ကြိုဆို


ကာဒီနယ်ဘုန်းတော်ကြီးအဖြစ် ရွေးချယ်ခြင်းခံရသူ Charles Maung Bo (ဝဲ) ဇန်နဝါရီ ၅၊ ၂၀၁၅။
ကာဒီနယ်ဘုန်းတော်ကြီးအဖြစ် ရွေးချယ်ခြင်းခံရသူ Charles Maung Bo (ဝဲ) ဇန်နဝါရီ ၅၊ ၂၀၁၅။

ရိုမန်ကက်သလစ် အသင်းတော်အတွက် ကာဒီနယ် ဘုန်းတော်ကြီးအပါး ၂၀ ကို ပုပ်ရဟန်းမင်းကြီး Francis က ရွေးချယ်တဲ့ထဲမှာ မြန်မာနိုင်ငံက Archbishop ဘုန်းတော်ကြီး ချားလ်မောင်ဘို ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာထွန်းကားခဲ့တဲ့ အနှစ် ၅၀၀ ပြည့်မှာ မြန်မာပြည် ကိုယ်စားပြု Cardinal တစ်ပါး ပေါ်ထွန်းတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း မြန်မာရိုမန်ကက်သလစ်အသင်းတော်က ပြောပါတယ်။ ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ပုပ်ရဟန်းမင်းကြီးပြီးရင် အာဏာရှိတဲ့သူတွေဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးကို မဲပေး ရွေးချယ်နိုင်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဆရာတော် ချားလ်ဘိုဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်းမှုမှာ တက်တက်ကြွကြွ လှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်တာကြောင့် ပြည်တွင်းက ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာရေးခေါင်းဆောင်တွေကလည်း ကြိုဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့က Archbishop ဘုန်းတော်ကြီး ချားလ်မောင်ဘို-အပါအဝင် Archbishop နဲ့ Bishop အပါး ၂၀ ကို Cardinal ဘုန်းတော်ကြီးတွေအဖြစ် ရွေးချယ်လိုက်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာနိုင်ငံကနေ ပထမဆုံး Cardinal ဘုန်းတော်ကြီးတပါးကို ဗာတီကန်ကနေ ပထမဆုံး ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။ အရွေးခံခဲ့ရတဲ့ ဆရာတော် ချားလ်ဘိုဟာ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ကြည်ရေး လှုပ်ရှားမှုမှာ လူသိများနာမည်ကြိးတဲ့ ခရစ်ရှန် ဆရာတော်တစ်ပါလည်း ဖြစ်ပါတယ်။ ဆရာတော် ချားလ်ဘိုနဲ့အနီးကပ် ဆက်ဆံရေးရှိတဲ့ ရိုမန်ကက်သလစ်ဆရာတော် ဖာသာဂျိုးဆက်မောင်ဝင်းကလည်း ရိုမာန်ကက်သလစ် နှစ် ၅၀၀ ပြည့်မှာ မြန်မာပြည်ကိုယ်စားပြု Cardinal တစ်ပါး ပေါ်ထွန်းတာကို ဝမ်းမြောက်တယ်လို့ ပြောပါတယ်။

“ဗမာပြည်အတွက်ကို ပထမဆုံးအကြိမ် ကာဒီနယ်ရတဲ့အတွက်ကို ဗမာပြည်အသင်းတော်အနေနဲ့လည်း ဝမ်းသာသလို ဗမာပြည် တပြည်လုံး အတိုင်းအတာနဲ့လည်း ကျနော်တို့ဘက်က ဝမ်းသာတာပေါ့နော်။ ရာဇဝင်ဘာမှ မရှိသေးဘဲနဲ့၊ ကျနော်တို့ မကြာခင်တုန်းကမှ ဗမာပြည်ကို ကက်သလစ် အသင်းတော်ရောက်တာ နှစ် ၅၀၀ ဂျူဘလီပွဲကြီးကျင်းပတယ်လေ။ အခု နှစ် ၅၀၀ ဂျူဘလီပွဲကြီးကျင်းပပြီး မကြာခင်လေးမှာပဲ ရဟန်းမင်းကြီးကနေပြီး အခုလို ကာဒီနယ်တပါး မြန်မာပြည်အသင်းတော်အတွက် ပေးတယ်ဆိုတော့ မြန်မာပြည်အသင်းတော်ကြီးကလည်း ပျော်တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့နိုင်ငံအတွက် ကာဒီနယ်တပါးရပြီဆိုတော့ ကိုယ့်အချင်းချင်းထဲက၊ ကိုယ့်အသွေးအသားထဲကပေါ့နော်-ကျနော်တို့ ဂုဏ်လည်းဂုဏ်ယူတယ်။ အခုပဲ ဆရာတော်ကို ဂုဏ်ယူပါတယ်လို့ နှုတ်ဆက်ပြီးတော့ ကျနော် သူ့အခန်းထဲက ထွက်လာတာပါ။”

ရိုမန်ကက်သလစ်ဆရာတော်တွေသာမကဘဲ ပရိုတက်စတင့် ဂိုဏ်းဝင်တွေကလည်း ဆရာတော် ချားလ်ဘို ရွေးချယ်ခံရတဲ့အပေါ် ကြိုဆိုမှုတွေလည်း ရှိပါတယ်။ MIT လို့ လူသိများတဲ့ ဓမ္မတက္ကသိုလ်က ပရိုတက်စတင့် ဆရာတော် ဒေါက်တာစောလှိုင်ဘွားက သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

“Archbishop ချားလ်စ်ကို ကျနော် အရမ်းခင်တယ်လေ။ သူနဲ့အတူတူ ခရီးသွားဖူးတယ်။ သူက Archbishop တယောက်ဆိုပေမယ့်လို့ အင်မတန်မှ နှိမ့်ချတယ်၊ စိတ်ထားဖြူစင်တယ်။ နူးညံ့သိမ်မွေ့တယ်၊ နောက် အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်တယ်ပေါ့နော်။ သူ့ရဲ့ ဓမ္မသတ္တိ၊ သူ့ရဲ့---- နဲ့ ပတ်သက်ပြီးတော့မှ ကျနော် သူ့ကို အင်မတန်မှ လေးစားပါတယ်။ အခုလို ကာဒီနယ်အရွေးခံရတဲ့အတွက် ကက်သလစ်ဘာသာဝင်မဟုတ်ပေမယ်လို့ ကျနော်တို့ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ ကျနော် အဲဒီလို ပြောချင်ပါတယ်။”

အခုလို ဆရာတော် ချာလ်းဘိုကို မြန်မာနိုင်ငံရဲ့ Cardinal အဖြစ်အရွေးခံခဲ့ရတဲ့ အပေါ်မှာ ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဗုဒ္ဓဘာသာ ဘုန်တော်ကြီး တစ်ပါးဖြစ်တဲ့ ဆရာတော် ဒေါက်တာ ဦးပညာသီဟက အခုလိုမိန့်ပါတယ်။

“သူက သိပ်သဘောလည်းကောင်းတယ်။ အေးလည်းအေးတယ်။ ပြီးတော့ အများနဲ့ဆက်ဆံရာမှာ သိပ်ပြေပြစ်ညက်ညောတာဆိုတော့ သူခေါင်းဆောင် ဖြစ်သွားလို့ရှိရင် ဒိထက်ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် နယ်စပ်တွေမကျန်ပေါ့လေ၊ အကုန်လုံး ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်၊ တကယ့်လူမှုရေးတွေ၊ နိုင်ငံအကျိုးပြု၊ လူမျိုးအကျိုးပြုလုပ်ငန်းတွေက သိပ်လိုအပ်နေတဲ့အချိန်မှာ သူ့ကိုရွေးချယ်လိုက်တာ ဦးဇင်းကတော့ ဝမ်းသာလို့မဆုံးဘူး။”

Archbishop Charles Maung Bo (ဗဟို) နဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့အတူ နှစ် ၅၀၀ ပြည့် ကက်သလစ်ဂျူဘလီပွဲ ကျင်းပစဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)
Archbishop Charles Maung Bo (ဗဟို) နဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့အတူ နှစ် ၅၀၀ ပြည့် ကက်သလစ်ဂျူဘလီပွဲ ကျင်းပစဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဆရာတော် ချာလ်းဘိုဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လှုပ်ရှားမှုတွေလုပ်ခဲ့ချိန်တုန်းက အခြားဘာသာဝင်တွေကပါ သူရဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ အတုယူစရာ များစွာရှိခဲ့တာကို တွေ့ရတယ်လို့လည်း ဘာသာရေးပဋိပက္ခတွေ ဖြစ်ချိန်တုန်းက ဆရာတော်နဲ့အတူ ပြည်တွင်းမှာ ဟောပြောမှုတွေလုပ်ခဲ့တဲ့ အစ္စလာမ် ဓမ္မဗိမာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က အခုလိုပြောပါတယ်။

“ကျနော် ဒီ ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုနဲ့ တော်တော်နီးနီးကပ်ကပ် ပူးတွဲပြီး ဘာသာပေါင်းစုံ ချည်ကြည်ရေးတွေ လုပ်ခဲ့ပါတယ်ခင်ဗျာ။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့ လန်ဒန်မှာလည်းအတူသွားခဲ့တာရှိတယ်။ တခြား နိုင်ငံရပ်ခြားတွေရော၊ ပြည်တွင်းမှာကော ဆရာတော်ကြီးနဲ့ တွဲလုပ်တဲ့အခါမှာ အင်မတန်သမာသမတ်ကျတယ်။ နောက် ဒုတိယအချက်က သူ့ရဲ့အကျင့်သီလ၊ ကျနော် အင်မတန်ကြည်ညိုလေးစားပါတယ်။ နောက်ပြီးတော့ တရားမျှတမှု ရှိပါတယ်။ သူ့ဘာသာကိုသူ နှစ်နှစ်ကာကာ ယုံကြည်သော ပုဂ္ဂိုလ်တယောက်ဖြစ်ပေမယ့်လည်း သူနဲ့အယူမတူတဲ့၊ အယူခြားတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ သဘောထားက အင်မတန်ကို ချီးကျူးလောက်အောင်၊ လေးစားလောက်အောင်ကို ဂုဏ်ယူလောက်အောင် သူ့မှာ အရည်အချင်းတွေ ရှိပါတယ်။ မတူကွဲပြားမှုများအပေါ်မှာ သူ့ရဲ့လက်ခံမှုက အင်မတန်ကို ကျနော်တို့ နှစ်ထောင်းအားရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံသား မွတ်ဆလင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသား ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ချားလ်စ်ကို ဒီလို ကာဒီနယ်အဖြစ်နဲ့ ရွေးချယ်ခြင်းခံရတာကို ကျနော်အင်မတန်ပဲ ဂုဏ်ယူပါတယ်။ ဘုရားသခင်ကိုလည်း ကျေးဇူးတော် ချီးမွမ်းပါတယ်လို့ ပြောချင်ပါတယ်။”

ကမ္ဘာ့တိုက်ကြီးအားလုံးထဲက နိုင်ငံပေါင်း ၁၄ နိုင်ငံကနေ Cardinal ဘုန်းတော်ကြီးတွေကို ရွေးချယ်ခဲ့ရတာဟာ Vatican နဲ့ ကမ္ဘာ့နေရာစုံမှာရှိတဲ့ Roman Catholic အသင်းတော်တွေကြားမှာ ခွဲခြားလို့မရတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက မနေ့တုန်းက ပြောကြားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးပြီးရင် Cardinal ဘုန်းတော်ကြီးတွေဟာ အသင်းတော်မှာ သြဇာအရှိဆုံးဖြစ်ပါတယ်။ အခုရွေးချယ်ခဲ့တဲ့ အပါး ၂၀ ထဲမှာ ဘုန်းတော်ကြီး ချားလ်မောင်ဘိုအပါအဝင် ၁၅ ပါးဟာ အသက် ၈၀ အောက်တွေ ဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးသစ်ကို မဲပေးရွေးချယ်ပိုင်ခွင့် ရကြမှာဖြစ်ပါတယ်။

အခု အသစ်ရွေးချယ်လိုက်တဲ့ Cardinal အပါး ၂၀ အတွက် တရားဝင်ခန့်အပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG