သုံးရလွယ်ကူစေသည့် Link များ

သမ္မတ ရွေးချယ်ရေး လွှတ်တော်လုပ်ငန်းစဉ် စတင်မည်


သမ္မတ ရွေးချယ်ဖို့အတွက် ဒု သမ္မတလောင်းစာရင်းတွေကို အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် တင်သွင်းရတော့မှာမို့ နေပြည်တော် လွှတ်တော် အခြေအနေတွေကို သတင်းမီဒီယာတွေရော နိုင်ငံရေးလေ့လာသူတွေပါ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ သမ္မတလောင်း ဘယ်သူဖြစ်မလဲ ခန့်မှန်းချက်အမျိုးမျိုးနဲ့အတူ၊ NLD လွှတ်တော်အမတ်တွေနေထိုင်ရာ နေပြည်တော်က စည်ပင်ရိပ်သာမှာ အခု ညအချိန်တွေအထိ သတင်းထောက်တွေ စောင့်ကြည့်သတင်းယူနေကြပါတယ်။ နေပြည်တော်မှာ ရောက်နေတဲ့ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“သားညွှန့်ဦး။ ။ အခု မနက်ဖြန်ဆိုရင်ပဲ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဒုတိယ သမ္မတ စာရင်းတွေ သွင်းရဖို့ရှိပါတယ်ခင်ဗျာ။ အခု ဒီ ဥစ္စာ အန်တီ ဒေါ်ခင်စိုးဝင်းကလည်း နေပြည်တော်မှာ သတင်းယူဖို့ရောက်နေပြီဆိုတော့ နောက်ဆုံးတွေ့ရ၊ မြင်ရတဲ့ အခြေအနေလေးပြောပါဦး ခင်ဗျာ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ကျမတို့လည်း ရောက်ရောက်ချင်းဆိုတော့ပေါ့နော် ဒီမှာဘာတွေများထူးလဲဆိုပြီးတော့ နားစွင့်နေတာပါ။ ဒါပေမယ့် တိတိကျကျ အတည်ပြုချက်တော့ မရပါဘူး။ ဒါပေမယ့် ကျမတို့ ကံကောင်းချင်တော့ ကျမတို့ စည်ပင်ရိပ်သာကို သွားကြတယ်။ သွားတဲ့အခါမှာ NLD ကနေပြီးတော့ သတင်းထွက်နေတယ်ပေါ့နော်။ သမ္မတလောင်း ဒုတိယ သမ္မတလောင်း သတင်းထွက်နေတယ်ဆိုတဲ့ ဒေါက်တာမျိုးအောင်ရဲ့ အခန်းကိုရောက်ခဲ့ပါတယ်။ ရောက်တဲ့ အခါမှာ ကျမတို့ ဝိုင်းပြီးတော့ မေးကြပါတယ်။ မေးတော့ မနက်ဖြန် ဒုသမ္မတလောင်းစာရင်းမှာပါသလားလို့မေးတော့ သူငြင်းလဲမငြင်းပါဘူး၊ အတည်လဲမပြုနိုင်ပါဘူးလို့ သူက ပြုံးပြုံးလေးနဲ့ပြောပါတယ်။ ဓါတ်ပုံတွေဘာတွေအရိုက်ခံပါတယ်။ ဒါပေမယ့် ကျမတို့မေးတာ တခုမှ မဖြေပါဘူး။ သူမဖြေနိုင်လို့ပါလို့ ပြောပါတယ်။ အဲလို အလားတူပဲ ကျမတို့ ဦးဝင်းထိန်အခန်းသွားတဲ့အခါမှာလည်း ဦးဝင်းထိန်က ခပ်ပြုံးပြုံးပဲ မေးသမျှကို အရင်တုန်းကလို အော်တာမရှိတော့ဘူးပေါ့နော်၊ ကျနော်ဒီအင်တာဗျူးမဖြေတော့ပါဘူးခင်ဗျာဆိုပြီးတော့ ရိုရိုသေသေ လေးလေးစားစားပြန်ပြောတာ တွေ့ခဲ့ရပါတယ်။ အဲတော့ NLD အဖွဲ့ဝင်တွေ ဒီညနေမှာကတော့ အကုန်လုံးက အစည်းအဝေးတွေလုပ်နေကြတယ်လို့လဲကြားတယ်။ ပြီးတော့ ဒီ လူကြီးပိုင်းတွေ ဒီ ဒေါက်တာ ဇော်မြင့်မောင်တို့ နောက်ပြီးတော့ ဦးဝင်းထိန်တို့ အရေးကြီးတဲ့ လူတွေ အစီးအဝေးတွေလုပ်တာကို ကြားခဲ့ရတယ်။ သူတို့သွားတာတွေ တွေ့ခဲ့ရတယ်။ ဒါပေမယ့်လို့ ဘယ်သူ့ဆီကမှ ဘာသံမှတော့ မကြားဘူးရှင့်။

သားညွှန့်ဦး။ ။အခုကျနော်တို့ နဲနဲကြားနေတာကလည်း ဒီညလောက်ဆိုရင် လွှတ်တော်အမတ်တွေအားလုံးကို ဘယ်သူကို သူတို့ သမ္မတအဖြစ် စာရင်းတင်သွင်းမယ်ဆိုပြီးတော့ NLD က အသိပေးမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်ခင်ဗျာ။ အဲတော့ ဒေါက်တာမျိုးအောင်၊ ဦးထင်ကျော်ဆိုပြီး နာမည်က အမျိုးမျိုးထွက်နေတော့ ဘယ်သူတွေက ၁ ပေးခံနေရလဲ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ဦးထင်ကျော်ကတော့ လူပြောများနေတာပေါ့နော်။ ဆရာကြီး မင်းသုဝဏ် ရဲ့သားတယောက်အနေနဲ့ လူတွေလည်း လေးစားခံနေရတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ လေးစားတည်ငြိမ်တယ်ဆိုပြီးတော့ အားလုံးကသူ့ကို အများဆုံးခန့်မှန်းခြင်းခံရတာပေါ့နော်။ နောက်ပြီးတော့ ဒေါက်တာမျိုးအောင်အနေနဲ့ကျတော့လည်း သူကတော့ စစ်ရေးအမြင်ရှိတယ်ဆိုတဲ့ဟာ ပါတယ်ဆိုတော့ သူလည်းအလားအလာရှိတဲ့ ပုဂ္ဂိုလ်တယောက်ပေါ့နော်။ ဒါပေမယ့် သူကို အရန်ထားသလားဆိုတာမျိုး စဉ်းစားစရာဖြစ်လာတာပေါ့။ ဒါပေမယ့် NLDကနေပြီးတော့ တင်မယ့် ဒီ ဒုသမ္မတလောင်းစာရင်းကလည်း ဒီထက်မက များနိုင်တယ်ဆိုပြီးပြောတဲ့လူတွေလည်းရှိတယ်။ အဲလိုပဲ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားဘက်က တင်မယ့်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားလွှတ်တော်အမတ်တွေပဲ ဖြစ်မလား။တိုင်းရင်းသားပါတီတွေပဲ ဖြစ်မလားပေါ့နော်။ အခုကြားတာက ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူးပေါ့နော်။ ဦးစိုင်းညွှန့်လွင် ဆိုရင်လည်း နေပြည်တော်ကို ရောက်နေပြီ၊ ရောက်တာမှ သူတို့ရဲ့ CEC တွေအကုန်လုံးခေါ်လာတယ်ဆိုပြီး သတင်းထွက်တော့ တကယ်လို့များ ဦးစိုင်းညွှန့်လွင်ကိုများ ဒုသမ္မတလောင်းစာရင်းတင်မလား ဆိုပြီးတော့လည်း အကုန်လုံးက သတင်းတွေထွက်နေတယ်လေ။ ကျမလည်း ကြိုးစားပြီးဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရဘူးရှင့်

သားညွှန့်ဦး။ ။အခုသမ္မတ ရွေးချယ်ရေးအဆင့်ဆင့်ပေါ့။ ဘယ်ရက်လောက်မှာ ပြတ်မှာလည်း မနက်ဖြန်က ထည့်သွင်းတာပဲရှိပါတယ်။ ဒေါ်ခင်စိုးဝင်း သိသလောက် ဒီသမ္မတရွေးချယ်ရေးလုပ်ငန်းစဉ်က ဘယ်လောက်ထိ သွားမှာလဲ။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ ကျမဒီမှ မေးကြည့်သလောက်ကတော့ စီစစ်ရေးအဖွဲ့ ဖွဲ့ပြီးတော့ သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိကို ၁၁ ရက်နေ့လောက်မှာ စပြီးတော့ မတ်လ ၁၄ ရက်နေ့မှာတော့ ခန့်မှန်းထားတာကတော့ ၁၄ ရက်နေ့မှာပြီးမယ်လို့ ထင်ပါတယ် ဒီဘက်မှာလည်းလေ။ ဒါပေမယ့် အကုန်လုံး လုပ်ပြီးတာတောင်မှ သမ္မတအရည်အချင်းစစ်တဲ့အခါမှာ အရည်အချင်းမပြည့်မှီဘူးဆိုရင် တခါ ထပ်ပြီးတော့ တင်ရဦးမှာပေါ့နော်။ အဲတော့ နည်းနည်းလေးတော့ အချိန်ကကြာမယ်ဆိုတော့ ကျမထင်ပါတယ် ၁၇ ရက် ၁၈ ရက်ထက်တော့ အရင်တုန်းက ခန့်မှန်းထက်တော့ မစောနိုင်ဘူးရှင့်။ သမ္မတ စာရင်း ကလေ။

သားညွှန့်ဦး။ ။ မနက်ဖြန်ဆိုရင်တော့ သမ္မတ စာရင်းတွေစတွေ့ရပြီဆိုတော့ အဲဒီအတွက်ကို သတင်းမီဒီယာတွေ သတင်းယူဖို့ရော လွတ်တော်ဘက်က ပြင်ဆင်မှုရော အခြေအနေဘယ်လို သူတို့လုပ်ထားတာတွေ့ရပါသလဲ။

ဒေါ်ခင်စိုးဝင်း။ ။အခုလောလောဆယ် နေပြည်တော်မှရောက်နေတဲ့ ဒီပြည်တွင်းပြည်ပ သတင်းထောက်တွေအကုန်လုံး ၆၀၀ ကျော် ရှိပါတယ်။ အဲဒီ ၆၀၀ ကျော် register လုပ်ထားပြီးပြီ။ ၆၀၀ ကျော် အပြင်ကို အကဲခတ်လေ့လာမယ့်သူတွေကလည်း ၁၀၀၀ ကျော်ရှိမယ်လို့ပြောပါတယ်။ ကျမတို့မနက်ဖြန်မနက်ဆိုရင် တော်တော်ကြီးကို ကျမတို့ ၁၀ နာရီမှာစမယ်ဆိုပေမယ့် ၂ နာရီလောက် ကြိုသွားမှသာ ကျမတို့ လုံခြုံရေးစီစစ်တာတွေ အချိန်တွေရှိမှာပါ။ ကျမတို့သွားမယ့်အဖွဲ့တွေကတော့ ဒီနေ့ လွှတ်တော်ရုံးကို လှမ်းဆက်ပြီးတော့ ကျမတို့ စာရင်းတွေပါရဲ့လား။ ကျမတို့ ဝင်ခွင့်ထဲမှာ ပါရဲ့လားလို့ စစ်ပြီးပါပြီ။ စစ်တဲ့အခါမှာ ကျမတို့ တင်ထားတဲ့ စာရင်းအတိုင်းပဲ ဝင်ခွင့်ရမယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း လူ ၆၀၀ ဆိုတော့ တော်တော်လေးကို ကျပ်ကျပ်သပ်သပ်သွားရမှာပါ။ ပြီးတော့ သိတဲ့အတိုင်းပဲ ဒီလွှတ်တော်မှာ သတင်းယူတဲ့နေရာမှာ Monitor screen မှာပြတဲ့ဟာကို အပြင်မှာပဲ ယူရမှာဆိုတော့ တော်တော်လေးကို တိုးတိုးကြိတ်ကြိတ်လုပ်ရမှာပါ ကိုသားညွှန့်ဦးရေ။”

XS
SM
MD
LG