သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး ဖိလစ်ပိုင် အကူအညီပေးဖို့ သမ္မတပန်ကြား


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၊ မာလာကာနန် သမ္မတအိမ်တော်မှာ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနိုက မြန်မာသမ္မတဦးသိန်းစိန်ကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုစဉ်။ (ဒီဇင်ဘာလ ၅၊ ၂၀၁၃)။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၊ မာလာကာနန် သမ္မတအိမ်တော်မှာ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနိုက မြန်မာသမ္မတဦးသိန်းစိန်ကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုစဉ်။ (ဒီဇင်ဘာလ ၅၊ ၂၀၁၃)။
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူ့စွမ်းအား မြှင့်တင်ရေး ကိစ္စတွေမှာ ဖိလစ်ပိုင်နိုင်ငံက ပူးပေါင်း ဆောင်ရွက်ပေးဖို့ သမ္မတဦးသိန်းစိန်က ပန်ကြားလိုက်ပါတယ်။ ဖိလစ်ပိုင် သမ္မတကလည်း မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ အပေါ် ချီးကျူးပြောဆိုပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့အကြောင်း တုန့်ပြန်ပြောဆိုပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ အခုလို ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်း က ပြောပြပါမယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဦးသိန်းစိန်ကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုစဉ်။
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဦးသိန်းစိန်ကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုစဉ်။
သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၊ မာလာကာနန် (Malacañang) သမ္မတအိမ်တော်မှာ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနိုက အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့တာပါ။ အဲဒီနောက်မှာ သမ္မတနှစ်ဦး တံခါးပိတ် တွေ့ဆုံ ဆွေးနွေးကြပြီးတဲ့နောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် လုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အဘက်ဘက်မှာ နောက်ကျကျန်နေရစ်ခဲ့ရတဲ့ အဓိကလက်သည် အဖြစ် ဆယ်စုနှစ်နှစ်ခုနီးပါး ဒဏ်ခတ်ပိတ်ဆို့အရေး ယူခံခဲ့ရတာကို သမ္မတဦးသိန်းစိန်က အပြစ်တင် ပြောဆိုပြီး ကဏ္ဍအသီးသီး မှာ မြန်မာနိုင်ငံနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပွဲအတွင်း ဖိလစ်ပိုင်သမ္မတကို ပန်ကြားခဲ့တယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု အဖက်ဖက် ကနေပြီးတော့ နောက်ကျနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဓိက အကြောင်းရင်း ကတော့ နှစ်ပေါင်း ၂၀လောက် စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံထားခဲ့ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေး၊ လူ့စွမ်းအားမြှင့်တင်ရေး ကိစ္စတွေမှာ ကျနော်တို့နဲ့အတူ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ သမ္မတကြီးကို ကျနော့် အနေနဲ့ မေတ္တာရပ်ခံခဲ့ပါတယ်။"

ဖိလစ်ပိုင်နိုင်ငံဟာလည်း ၁၉၈၀ ပြည့်နှစ်တွေမှာ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ခဲ့တာမို့ မြန်မာနိုင်ငံကို အကူအညီပေး ပါမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ မြန်မာ့သမိုင်းမှာ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နေတဲ့ အချိန်ဖြစ်ပြီး အဲဒီကြိုးပမ်းမှုတွေကို ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ ထောက်ခံပြီးတော့ စွမ်းရည်မြှင့်တင်မှု၊ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေကနေ တစ်ဆင့် အကူအညီပေးသွားဖို့ ကမ်းလှမ်းခဲ့ပါတယ်လို့ မစ္စတာ အကွီနိုက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတနဲ့ မြန်မာသမ္မတတွေ့ဆုံစဉ်။
ဖိလစ်ပိုင်သမ္မတနဲ့ မြန်မာသမ္မတတွေ့ဆုံစဉ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ထူထောင်တဲ့ကိစ္စနဲ့ စိုက်ပျိုးရေး၊ စွန့်ဦး တီထွင်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်အလှ ခရီးသွားလုပ်ငန်းနဲ့ ကျားမရေးရာ ဆိုင်ရာကိစ္စတွေမှာ လေ့ကျင့် သင်တန်းပေးရေး ကူညီဖို့ ဖိလစ်ပိုင်က ကမ်းလှမ်းခဲ့ပါတယ်လို့လည်း ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အားပေးထောက်ခံမှုတွေ အတွက် ကျေးဇူးတင်ကြောင်း သမ္မတဦးသိန်းစိန်က အသိအမှတ်ပြု ပြောခဲ့ပါတယ်။

" ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ထောက်ခံအားပေးကြောင်း ပြောကြားပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ပြည်သူများကို ကျေးဇူးတင်ရှိကြောင်းပြောကြား လိုပါတယ်။"

သမ္မတနှစ်ဦးဟာ သူတို့ရဲ့သက်ဆိုင်ရာ တိုင်းပြည်တွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကြိုးပမ်းချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ အတွက် ဖိလစ်ပိုင် စစ်သံမှူးတစ်ဦးကို ခန့်ထားမယ့်အကြောင်း မစ္စတာအကွီနိုကပြောပါတယ်။

ပြီးခဲ့တဲ့လက ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံက လှူဒါန်းတဲ့အတွက်လည်း ဖိလစ်ပိုင်သမ္မတက တုန့်ပြန် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ဒီ သဘာ၀ ဘေးအန္တရာယ်ဆိုးကြီးရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ ကျနော်တို့ နိုင်ငံသားတွေအတွက် သမ္မတကြီးက သနား စာနာမှုနဲ့ ထပ်တူထပ်မျှရှိပါ ကြောင်း ပြောကြားခဲ့တဲ့အတွက် ကျနော် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ကတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း ခုနစ်တန်ကို မြန်မာအစိုးရက လှူဒါန်းတဲ့အတွက် လေးနက် စွာ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျား။”

သမ္မတဦးသိန်းစိန်ဟာ သူနဲ့အတူ ခေါ်ဆောင်သွားတဲ့ ဆရာဝန်တွေနဲ့အတူ အဲဒီ မုန်တိုင်ဒဏ်သင့်ဒေသဆီ သွားရောက် ကြည့်ရှုဖို့ ရှိပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း ယူဆောင်သွားမှာပါ။

၂၀၁၁ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ပြီးကတည်းကဆိုရင် သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြတာမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ မြန်မာနိုင်ငံဆီ ဝင်ရောက်ခွင့်နဲ့ အသစ်ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနဲ့ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာတွေကို လည်း နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အရင် စစ်အစိုးရအဆက်ဆက်လက်ထက်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် နိုင်ငံချင်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ဟာ မကြာခန ဝေဖန်ပြောဆိုလေ့ရှိခဲ့ဖူးပေမဲ့လည်း မြန်မာနဲ့ ဖိလစ်ပိုင်အကြားမှာ ဘယ်လို အခြေအတင် ကိစ္စမျိုးမှ မရှိခဲ့ဖူးပါဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

သောကြာနေ့မှာပြီးဆုံးမယ့် သမ္မတဦးသိန်းစိန်ရဲ့ သုံးရက်ကြာ ခရီးစဉ်အတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရဲ့ ရပ်တည်ချက်သဘောထားကို ဆွေးနွေး ပြောဆိုခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
XS
SM
MD
LG