သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း


၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း
၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တွေကို မြန်မာစစ်ကောင်စီက ခွဲေ၀ ချမှတ်ပေးလိုက်တာမှာ ကာကွယ်ရေးအတွက် အသုံးစရိတ်က စုစုပေါင်း အသုံးစရိတ်ရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ တဘက်မှာတော့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ၅% ကျော်ကျော်လေးပဲ သတ်မှတ်ထားပါတယ်။ စစ်ရေးဆိုင်ရာ အသုံးစရိတ်ဟာ ကျိုးကြောင်း မဆီလျော်ဘဲ များလွန်းလှပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ အသုံးစရိတ်ငွေ နည်းလွန်းတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက် နစ်နာစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ပါဝင်တဲ့ အသေးစိတ် လျာထား သတ်မှတ်ချက်တွေကို အင်္ဂါနေ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းတုန်းကလည်း အကျယ်တဝံ့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သလို အခုလည်းပဲ သာမန် ပြည်သူလူထု များရာစုကြီး ဖတ်ခွင့်ရဖို့ ခက်ခဲလှတဲ့ ပြန်တမ်းမှာပဲ ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်အရ စစ်ဘက် အသုံးစရိတ်ကို ဘဏ္ဍာငွေ တခုလုံးရဲ့ ၂၃.၆%၊ ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ သန်း ၂,၀၀၀ ကျော် သုံးစွဲဖို့ သတ်မှတ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ၁.၃%၊ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်၊ ပညာရေးအတွက် အသုံးစရိတ်ကို ၄.၁၃%၊ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး အသီးသီး သတ်မှတ်ထားပါတယ်။

အခုလို စစ်ရေးအသုံးစရိတ်နဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအတွက် အသုံးစရိတ် အဆမတန် ကွာခြားနေတဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို မှတ်ချက်ပေးပါတယ်။

“စစ်ရေး အသုံးစရိတ် အဲဒီလို မြင့်နေတာ တိုင်းပြည်တိုးတက်ရေးအတွက် ဘာမှ အကျိုးမရှိဘူးဗျ။ သူတို့က လုံခြုံရေး ဦးစားပေး ပြောနေပေမဲ့ လုံခြုံရေး အခက်အခဲက မရှိဘူး။ တကယ်တမ်းကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာလည်း နိုင်ငံရေးအရ ရှင်းလို့ရှိရင် ဒါတွေက ဒီလောက်အထိ သုံးစရာ မလိုဘူး။ ပညာရေး၊ ကျန်းမာရေးစရိတ် မမြင့်ဘဲနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး။”

အခုသတ်မှတ်ပေးလိုက်တဲ့ ဘဏ္ဍာငွေဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သုံးစွဲဖို့ ဖြစ်တာကြောင့် အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ရွေးကောက်ပွဲတွေလုပ်၊ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတာတောင်မှပဲ စစ်အစိုးရကပဲ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင် ဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်လို့ ဝေဖန်သူက ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။

“အဲဒီအနေအထား အခုတွေ့ရတဲ့ အခါကျတော့ အခုလက်ရှိ ဝန်ကြီးဌာနအသစ် ဘယ်လောက်ဖွဲ့မလဲ ဆိုတာ ဒါကို ကြိုဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်။ နောက်တခုကကျတော့ အခု လွှတ်တော်က ခေါ်နေတဲ့ အချိန်မှာ ဒီ ဘတ်ဂျက်လောနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက လုံး၀ ဆွေးနွေးပိုင်ခွင့် မရှိတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။”

ဘဏ္ဍာငွေ ဥပဒေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်တာ ဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားချက်အရ အခြေခံဥပဒေ အသက်ဝင်မယ့်နေ့ မတိုင်ခင်မှာပဲ ကြိုပြီး လုပ်ခဲ့တာပါ။ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းရပ်တွေကို စစ်ကောင်စီက ဆောင်ရွက်ပေးဖို့ ပြဋ္ဌာန်းထားတယ် ဆိုတာကို ထောက်ပြီး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်ပြီး စစ်အသုံးစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ လုပ်သင့်သလို ပညာရေး၊ ကျန်းမာရေးတွေမှာ ပိုသုံးသင့်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“တကယ်ဖြစ်သင့်တဲ့ ပုံစံက ဒီဘတ်ဂျက်ကို နအဖက မထုတ်သင့်ဘူး၊ နံပါတ်တစ်က၊ အခုဟာ နအဖက ထုတ်တာ။ ပြည်သူ့လွှတ်တော်ကြီး စနေပြီဆိုရင် ပြည်သူ့လွှတ်တော်ကသာ ဘတ်ဂျက်ကို အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးတော့ ထုတ်သင့်တယ်။ အဲတော့ ဒါ ထုတ်သင့်တဲ့အပိုင်း။ နောက် ပညာရေး၊ ကျန်းမာရေးကို အသုံးစရိတ် အများကြီး ပေးပြီးတော့ တိုင်းပြည် အနာဂတ်အတွက် လုပ်ပေးရမယ်။ စစ်တပ် ဒါမှမဟုတ် ကာကွယ်ရေးစရိတ် ဆိုတာက ကျနော်တို့ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့တော့ ဒီဥစ္စာတွေက ဒီလိုပဲ ဖြစ်နေမှာပဲ။ တိုင်းရင်းသား အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ဟာ နံပါတ်တစ်ပဲ။ အဲဒီလို ဖြေရှင်းရင် ဒီစရိတ်တွေကလည်း မလိုအပ်တော့ဘူး။”

ဗဟုအဖွဲ့က ဦးအောင်သူငြိမ်းကတော့ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ အခု ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသွင်ပြောင်းယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို နမူနာပေးပြီး ဝေဖန် သုံးသပ်ပြပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် တချိန်တုန်းက စစ်တပ်ရဲ့ ဘတ်ဂျက် အသုံးစရိတ်က ၁၀% ပဲ ရှိပါတယ်။ နောက်တခုက အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှာ ကြည့်ရင် သူတို့က ကျန်းမာရေး၊ ပညာရေး၊ မြို့ပြ၊ ကျေးလက် ဖွံ့ဖြိုးရေး ကိစ္စတွေကို အများကြီး သုံးပါတယ်။ အခုအနေအထားမှာဆိုရင် ကျနော်တို့ တွေ့တဲ့အခါကျတော့ ကျန်းမာရေး ကိစ္စတွေ ဘာတွေက တော်တော်နည်းတယ်။ ပညာရေး ကိစ္စတွေလည်း တော်တော်နည်းတယ်ဆိုတာ အနာဂတ်အတွက်တော့ မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။”

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ ဆိုင်တဲ့ အသေးစိတ်တွေ ထွက်လာတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်မှာ မှာယူထားတဲ့ ရုရှားလုပ် MIG-29 တိုက်လေယာဉ်အသစ် အစီး ၂၀ ထဲက ပထမအသုတ်ကို ဒီလထဲမှာ ရတော့မယ်လို့ Flightglobal ဆိုတဲ့ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်း ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရပါဘူး။

မြန်မာစစ်အစိုးရဟာ တိုင်းပြည်နဲ့ မမျှတဲ့ စစ်အင်အားကို တည်ဆောက်နေပြီး လူထုရဲ့ သာယာဝပြောရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို လျစ်လျူရှုထားတဲ့အတွက် မြန်မာလူထုဟာ ဆင်းရဲတွင်း နက်သထက်နက်၊ ပညာရေးနဲ့ ကျန်းမာရေး ချို့ယွင်းသထက် ချို့ယွင်းလာနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်ပြစ်တင်ကြပါတယ်။

XS
SM
MD
LG