သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာပြည် ငြိမ်းချမ်းပါစေကြောင်း ၂၀၁၈ နှစ်သစ် ဆုတောင်း


၂၀၁၈ခုနှစ် နှစ်သစ်ကူးမနက်ခင်း နေထွက်လာချိန်ကို စောင့်ကြည့်နေကြစဉ် ( ဇန်နဝါရီလ ၁ရက် ၂၀၁၈)

ဒီကနေ့ကျရောက်တဲ့၂၀၁၈ခုနှစ် နှစ်သစ်ကူးမင်္ဂလာအခါသမယမှာ စိန်ခေါ်မှုတွေတွေနဲ့ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေကြောင်း လည်း ဆုတောင်းကြသလို စစ်မက်ဖြစ်ပွားနေဆဲ တိုင်းရင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံတဝှမ်းကပြည်သူတွေ ကျန်းမာ ချမ်းသာပါစေကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက နှစ်သစ်ဆုမွန်တောင်းပေးကြပါတယ်။ ၂၀၁၈ခုနှစ် နှစ်သစ်ကူးဆုတောင်းတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁ရက်နေ့ တနင်္လာနေ့မှာ ကျရောက်တဲ့ ၂၀၁၈ခုနှစ် နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ဒုသမ္မတတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နိုင်ငံခေါင်းဆောင်တွေအသီးသီးက မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေကြောင်းနဲ့မြန်မာပြည်သူတွေအတွက် နှစ်သစ်ကူးဆုမွန်င်္တေ တောင်းပေးကြပါတယ်။

မြန်မာပြည်ကြီး အမှန်တကယ်ငြိမ်းချမ်းပါစေကြောင်းနဲ့ လတ်တလောစစ်ဘေးဒုက္ခခံနေရတဲ့ တိုင်းရင်းသားပြည်သူတွေ စစ်ဘေးဒုက္ခတွေက အမြန်ဆုံးလွတ်မြောက်ပြီး ဘဝတွေတည်ငြိမ်အေးချမ်းပါစေကြောင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်သူတဦးဖြစ်တဲ့ ကချင်ခေါင်းဆောင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အခုလိုဆုမွန်တောင်းပေးပါတယ်။

"ကျနော်တို့ ဒီ ၂၀၁၇ ကိုတော်တော်လေး မျှော်လင့်ခဲ့တယ်။ ငြိမ်းချမ်းရေး ခရီးပေါက်မလားလို့ပေါ့နော် ငြိမ်းချမ်းရေးတည်ဆောက်တာ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးနှစ်ဆိုပြီး သတ်မှတ်တာကို သူတို့ မိန့်ခွန်းတွေမှာ ပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ မျှော်လင့်သလောက်ဖြစ်မလာဘူး။ ဒါကြောင့်မို့လို့ အခု ၂၀၁၈ ကတော့ ငြိမ်းချမ်းရေး အများကြီးခရီးပေါက်ရောက်တဲ့နှစ်ဖြစ်မယ် အဲလိုဖြစ်ဖို့ဆိုရင်တော့ ပထမဦးဆုံးက တပ်မတော်၊ အစိုးရ၊ နောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များက ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်လာဖို့ လိုအပ်တယ် အဲလိုဖြစ်လာမယ်ဆိုရင် ဒါ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။ အဓိကတော့ တိုက်ပွဲရပ်ရမှာပါပဲ။ တိုက်ပွဲမရပ်မခြင်းကတော့ ဘယ်လိုမှ မျှော်လင့်လို့မရဘူး။ တိုက်ပွဲကတော့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ အားလုံး စုပေါင်းထိုင်ပြီးတော့ ဒါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အားလုံးစိတ်ပါဝင်စားစွာနဲ့ ၀ိုင်းဝန်းလုပ်ဆောင်မှ ငြိမ်းချမ်းရေး ရရှိနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ၂၀၁၈ ကတော့ ထူးထူးကဲကဲ ငြိမ်းချမ်းရေးအတွက်အလားအလာကောင်း ငြိမ်းချမ်းရေးအတွက်မျှော်လင့်လို့ရတဲ့ နှစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

မေး။ ။ စစ်ဖြစ်ပွားနေတဲ့ တိုင်းရင်းဒေသက အထူးသဖြင့် ကချင်၊ရှမ်းမြောက်ပိုင်းနဲ့ ရခိုင်ဘက်မှာရှိနေတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လိုများ ဆုတောင်းပေးစေချင်သလဲ။

ဖြေ။ ၊ ကျနော်အများကြီးစာနာပါတယ်။ ဒီမှာ IDP တွေတော်တော်လေး ဒုက္ခရောက်နေတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ က အထူးသဖြင့် အခုလို ဆောင်တွင်းမှာဆိုရင် အများကြီး ဒုက္ခရောက်တယ်။ အဲဒါကြောင့် ဒါတွေဟာ သူတို့အနေနဲ့ သူတို့ မျှော်လင့်နေတဲ့ မှန်းဆနေတဲ့ ပြန်လာနိုင်ရေး အကောင်အထည်ဖော်အောင်တော့ ၀ိုင်းဝန်းကြိုးစားပေးရမယ် အထူးသဖြင့်တော့ တိုက်ပွဲ ရပ်ပေးဖို့ ကျနော်တို့ မျှော်လင့်တာပေါ့လေ။ သူတို့အတွက် ဒါကအင်မတန်အရေးကြီးတယ် ဒါကို ဖြစ်လာဖို့ ကျနော်ဆုတောင်းပေးနေတာပါ။"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီက ရခိုင်အမတ်ဦးဖေသန်းကလည်း နိုင်ငံတဝှမ်း ငြိမ်းချမ်းပါစေကြောင်းနဲ့ ၂၀၁၈ခုနှစ်မှာ တိုင်းသူပြည်သူတွေအားလုံး ဘေးဘယာဝေးကွာကြပါစေလို့ ဆုမွန်တောင်းပေးပါတယ်။

"တကယ့်ကို ပြည်ထောင်စုကိုချစ်တဲ့ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ ပြန်ပြီးတော့ အေးအတူ ပူအမျှ ဆိုတဲ့ ခံစားချက်လေးတွေကို မွေးပြီးတော့ တယောက်နဲ့ တယောက် မေတ္တာထားကြမယ်ဆိုရင် ဒါဟာ ဖြေရှင်းလို့ မရနိုင်တဲ့ အခက်အခဲမဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် နှစ်တွေမှာ ဒီနှစ်ကစပြီးတော့ အဲလို ညီနောင်အရင်း စိတ်ဓါတ် ၊ ပြည်ထောင်စုစိတ်ဓါတ်ကိုမွေးပြီးတော့ အချင်းချင်း အနိုင်ယူချင်တဲ့ စိတ်ဓါတ်တွေကို လျော့ပြီးတော့ အေးအတူ ပူအမျှ ခံစားကြမယ်ဆိုရင်တော့ အဲဒီလို ခံစားတဲ့ စိတ်ဓါတ်တွေ မွေးကြမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်ကြီးဟာ နေ့ချင်းညချင်း ပြန်ပြီးတော့ သာယာအေးချမ်းလာမယ်လို့ ထင်တဲ့အတွက်နဲ့ ကျနော့်အနေနဲ့ ဒီ ၂၀၁၈ မှာ ဒီပြည်တွင်းငြိမ်းချမ်းရေးတွေကို ဖြစ်နိုင်တဲ့ အကောင်အထည်ဖော်နိုင်တဲ့ ပုဂ္ဂိုလ် တွေက ဒါတွေကို အတ္တလေးတွေ၊ မာန်မာနတွေကို လျော့ပြီးတော့ အကောင်အထည်ဖော်ပေးကြပါလို့ မေတ္တာစကားပြောချင်ပါတယ်ခင်ဗျ။"

၂၀၁၈ခုနှစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်းရဲ့ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ကျင့်သုံးကြဖို့ အရေးကြီးတဲ့အတွက် မြန်မာပြည်ကြီးအေးချမ်းပါစေကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်က ဦးထွန်းဝင်းငြိမ်းကလည်း ငြိမ်းချမ်းရေးဆုတောင်းပေးပါတယ်။

"အမှန်ကတော့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောခဲ့တဲ့ သူမနာ ကိုယ်မနာနည်းနဲ့ စားပွဲဝိုင်းမှာကျနော်တို့က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာလေ အဲဒါကို သေသေချာချာ ကျင့်သုံးစေချင်ပါတယ်။ လက်နက်ချခိုင်းတာ၊ လက်မှတ်ထိုးခိုင်းတာ၊ အပြုတ်တိုက်မယ်လို့ ပြောတာ ၊ တဖက်သတ်ချေမှုန်းမယ်လို့ ပြောတာတွေက တကယ်တော့ ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာကို သင်ခန်းစာ ယူသင့်ပါပြီ။ နိုင်ငံရေးအရ အာမခံချက်ရှိအောင် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့ ဆွေးနွေးအဖြေရှာတဲ့နည်း သူမနာ ကိုယ်မနာနည်းနဲ့အဖြေရှာပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါလို့ ကျနော်အဲလိုဆုမွန်ကောင်းတောင်းချင်ပါတယ်ခင်ဗျ။"

မြန်မာပြည်တဝှမ်းမှာတော့ ဘာသာရေးခေါင်းဆောင်တွေအသီးသီးတွေက မြန်မာပြည်တဝှမ်းငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သလို အရပ်ဖက်အဖွဲ့အစည်းတွေ ဒုက္ခသည်အရေးဆောင်ရွက်သူတွေ တက်ကြွလှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေကလည်း စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲ မြန်မာပြည်ကြီး ၂၀၁၈ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပါစေကြာင်း လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ဆုတောင်းပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG