ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော မြို့နယ် သဘောင်္လှ ကျေးရွာက ပျောက်ဆုံးနေတဲ့ ဒေသခံ သုံးဦး သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့အဆိုကို ကိုးကားပြီး ပြန်ကြားရေး ၀န်ကြီးဌာနက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပါတယ်။
သဘောင်္လှ ကျေးရွာက ဒေသခံ ၃ ဦးတို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြီးခဲ့တဲ့ သောကြာနေ့က ပျောက်ဆုံးသွားခဲ့ပြီးနောက် လိုက်လံ ရှာဖွေရာမှာ သတ်ဖြတ် မြုပ်နှံထားတာကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။ သဘောင်္လှ ကျေးရွာက ဦးလှထွန်းအောင်၊ ဦးချစ်ထွန်းနဲ့ ဦးမောင်ထွန်းစိန်တို့ ဂဏန်းရှာသွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း၊ ဒေသခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်း ရှာဖွေတာမှာ လက်ဖွဲ့ကျ ကျေးရွာ အနီး တောင်ကျော်လမ်းမှာ မြှုပ်နှံထားတာကို တွေ့ခဲ့ရာတာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ သုံးဦးစလုံးမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။ မောင်တောဒေသတွင်းက လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း ဒေသတွင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေ၊ အရပ်သားတွေ အပေါ် တိုက်ခိုက်ခံရမှုတွေ ရှိနေပါတယ်။