သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လူကုန်ကူးမှု သံသယရှိသူ မြန်မာ ၃ ဦး မလေးရဲ ဖမ်းဆီး


မလေးရှားရဲများ

မလေးရှာနိုင်ငံ ပီနန်းကျွန်းမှာ လူကုန်ကူးသူတွေလို့ ယူဆရတဲ့ အသက် ၃၅ နဲ့ ၄၅နှစ်ကြား မြန်မာအမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ပါဝင်တဲ့ အဖွဲ့ကို မလေးရဲတွေ ဖေါ်ထုတ် ဖမ်းဆီးလိုက်ပါတယ်။

သူတို့ ၃ဦးဟာ ပီနန်ကျွန်း Mak Mandin မြို့မှာ ခြံစောင့်တွေအဖြစ် လုပ်ကိုင်နေပြီး သူတို့ရှိတဲ့ အိမ်ထဲမှာ မြန်မာနိုင်ငံသားတွေကို ပိတ်လှောင် ထားတာဖြစ်တယ်လို့ Seberang Perai ဒေသ ရဲအရာရှိ Noorzainy Mohd Noor ကပြောပါတယ်။

လူကုန်ကူးဂိုဏ်းလို့ သံသယဖြစ်ဖွယ် ဒီလူ ၃ဦးကို ဖမ်းဆီးပြီးနောက် မလေးရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ဆက်လက်ရှာဖွေရာမှာ အိမ်ပေါ်ထပ်မှာ ပုန်းနေတဲ့ အသက် ၁၉ ကနေ ၅၀ကြား နောက်ထပ်မြန်မာနိုင်ငံသား (၁၉)ဦးကိုလည်းဖမ်းမိခဲ့ပါတယ်။ အခုလိုဖမ်းဆီမှုအတွင်း မိုဘိုင်းဖုန်းတွေအပါဝင် ၊ ATM ဘဏ်ကဒ်အတော်များများ၊ သော့မျိုးစုံနဲ့ မလေးရှား ရင်းဂစ်ငွေ (၈၀၀)ကျော်ကိုပါ သိမ်းမိခဲ့ပါတယ်။

လူကုန်ကူးသူလို့ အဓိက သံသယရှိတဲ့ မြန်မာ ၃ဦးကို မလေးရှား လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၂၆-က)အရ စစ်ဆေးသွားမှာဖြစ်ပြီး၊ နောက်ထပ် ဖမ်းမိတဲ့ (၁၉)ဦးကိုတော့ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိတဲ့အတွက် လူဝင်မှု ဥပဒေအရ စစ်ဆေး အရေးယူသွား မယ်လို့ မလေးရှားရဲက ပြောကြောင်း မလေးနိုင်ငံထုတ် Bernama သတင်းမှာဖေါ်ပြပါတယ်။

XS
SM
MD
LG