သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာဉ်တိုက်မှုကြောင့် လူမှောင်ခိုကူးခံရသူ မြန်မာ ၄ ဦးသေဆုံး


အာရှလမ်းမကြီးမှာ ကားတိမ်းမှောက် (ဓါတ်ပုံ- ထိုင်းလူမူကယ်ဆယ်ရေးအဖွဲ့များ)

ထိုင်းနိုင်ငံတွင်း အာရှလမ်းမကြီးမှာ တရားမဝင် မြန်မာနိုင်ငံသားတွေကို တင်ဆောင် လာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် လူ လေးဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရသွားပါတယ်။ ကားမောင်းသူ ထိုင်းနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးတာမှာ လူမှောင်ခိုမှုဆိုတာ ပေါ်ပေါက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါ တယ်။

ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင် ခွန်ကထင် မြို့နယ် ကျေးရွာအမှတ် (၁၃) အမှတ် ၄၁ အာရှ လမ်းမကြီးမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးကို တင်ဆောင်လာတဲ့ တိုရိုတာ အမျိုးအစား ပစ်ကပ်ကားတစ်စီး တိမ်းမှောက်သွားတာဖြစ်ပါတယ်။

အရှိန်မြင့်မောင်းလာတဲ့ ပစ်ကပ်ကားဟာ လမ်းမဘေးက သစ်ပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့မြန်မာ နိုင်ငံသားတွေ ကားပေါ်ကနေ လွှင့်စင်ပြုတ်ကျခဲ့ ကြတာပါ ။

ဖြစ်ပွားတဲ့နေရာမှာတင် မြန်မာနိုင်ငံသား အမျိုးသား (၄) ဦး ပွဲချင်းပြီး သေဆုံး ခဲ့တဲ့အကြောင်း တရားမဝင်လူကုန်ကူးမူဖြစ်တဲ့ အကြောင်း၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ မှတ်တမ်းနဲ့ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး ကပြောပါတယ်။

"ကားမှောက်တာ ၄ယောက်သေတယ် တရားမဝင် ခိုးဝင်တာပေါ့ ကျန်တဲ့လူတွေကတော့ ဆေးရုံတင်ထားရတယ်။ လူမှောင်ခိုပဲ ။ ထိုင်းကားမောင်းသမားကို ဖမ်းပြီး စစ်ဆေးနေတယ်။ မြန်မာနိုင်ငံသား လူမှောင်ခိုသမားကို ဌားတာ ဘယ်နေရာကနေ ဘယ်နေရာထိ မောင်းပို့ပါဆိုတာမျိုး ဌားတာလို့ပြောတယ်။"

ကားပေါ်ပါ တခြား မြန်မာနိုင်ငံသား ( ၁၉) ဦးကတော့ ဒဏ်ရာရသွားပါတယ်။ အဲဒီထဲက တချို့ဟာ ဒဏ်ရာပြင်ထန်တဲ့အတွက် ချွန်ဖုန်း ခရိုင် တွင်းက ဆေးရုံကို ချက်ချင်းပို့ပြီး အရေးပေါ် ကုသမူခံယူနေရပါတယ်။

ကားပေါ်မှာ ပါလာတဲ့ မြန်မာတဦးပြောကြားချက်အရ ကော့သောင်းဘက်က ငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေတာဖြစ်ပြီး သူကို ဆေးတိုက်ခေါ်လာတဲ့အတွက် ဒီဘက်ကို ဘယ်လိုရောက်လာမှန်းမသိဘူးလို့ဆိုပါတယ် ။

လူကုန်ကူး ခံရသူတွေကိုသယ်လာတဲ့ ထိုင်နိုင်ငံသားကားမောင်းသမား နိုင်ပရမစ် ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ ကားသမားရဲ့ ဝန်ခံချက်အရ မြန်မာ နိုင်ငံသား လူကုန်ကူးသူတစ်ဦး က သူ့ကိုဌားရမ်းခဲ့ပြီး တဦးကို ထိုင်း ဘတ်ငွေ ၁၀၀၀ နဲ့ သယ်ဆောင်ခပေးပြီးတော့ ထိုင်းမြန်မာနယ်စပ် ရနောင်းကနေ စစ်ဆေးရေး ဂိတ်တွေကို ရှောင်ကွင်းပြီး ထိုင်း တောင်ပိုင်း စူလဌာနီကို မောင်းပို့ခိုင်းခဲ့တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ချွန်ဖုန်းခရိုင်ဒုရဲမှူ း ဝီချစ် ခန်ကို့ချကန် ကတော့ လူကုန်ကူးသူတွေကို ဆက်လက် ဖေါ်ထုတ်အရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က လူကုန်ကူးခံရသူ တထောင်ခန့်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆိးပြီးတချို့ကို နေရပ်ပြန်ပို့သလို တချို့ကိုတော့ အမူစွဲတင်ပြီး သက်သေအဖြစ် စစ်ဆေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG