သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အခမဲ့ ပုဂ္ဂလိကရုပ်သံလိုင်းသစ် ၅လိုင်း မေလထဲ စတင်ထုတ်လွှင့်မည်


ရုပ်သံလိုင်းသစ်တွေနဲ့ လက်မှတ်ရေးထိုးပွဲအခမ်းအနား

မကြာခင် စတင်ထုတ်လွှင့်တော့မယ့် Free-To-Air အခမဲ့ ရုပ်သံလိုင်းသစ်ငါးလိုင်းက ထုတ်လွှင့်မယ့်အစီအစဉ်တွေ ကို အစိုးရအနေနဲ့ ဆင်ဆာလုပ် တည်းဖြတ်မှာမဟုတ်ဘဲ ကိုယ့်ဖာသာ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောပါတယ်။ စနေနေ့က ရန်ကုန်မြို့မှာလုပ်တဲ့ ရုပ်သံလိုင်းသစ်တွေနဲ့ လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အဲဒီလို ပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလုပ်ငန်းရဲ့ လက်ရှိ MRTV Multi Channel Playout System ထဲမှာ DVB-T2 စနစ်နဲ့ ထည့်သွင်းမယ့် ရုပ်သံလိုင်းငါးလိုင်းကို ၂၀၁၇ ခုနှစ်၊ ဧပြီလကတည်းက ကြေညာထားပြီး တနှစ်နီးပါးအကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ရုပ်သံလိုင်းသစ်ငါးခုနဲ့ MRTV တို့အကြား လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ဒီရုပ်သံလိုင်းငါးခုဟာ သီးခြားလွတ်လပ်တဲ့ ရုပ်သံလိုင်းတွေမဟုတ်ဘဲ MRTV အတွက် Content Provider အစီအစဉ်တွေ တင်ဆက်ပေးတဲ့ ရုပ်သံလိုင်းတွေဖြစ်တာကြောင့် တကယ့်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါ့မလားဆိုတာ အစကတည်းကိုက မေးခွန်းထွက်နေတာပါ။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လက်မှတ်ထိုးအခမ်းအနားပြီးတဲ့နောက် သတင်းထောက်တွေကို အခုလို ရှင်းလင်း ဖြေဆိုသွားပါတယ်။

“Channel ငါးခုနဲ့ပတ်သက်လို့တော့ သူတို့ထုတ်လွှင့်တဲ့ဟာတွေကို ကျနော်တို့ကတော့ ဒီအပေါ်မှာသွားပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနကသော်လည်းကောင်း၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကသော်လည်းကောင်း သွားပြီး censor တော့ ကျနော်တို့ ဖြတ်မှာမဟုတ်ပါဘူး။ အားလုံးဟာ Self-Censorship ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း သူ့ Channel အလိုက် သတ်မှတ်ထားတဲ့ Code of Ethics ၊ Code of Conduct တွေ အများ ကြီးရှိပြီးသားပါ။ ဒီဘောင်ထဲကနေ သူ့ဟာသူ ထိန်းသိမ်းပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်နေဆဲကာလမှာ ပြည်တွင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဦးမြင့်ထွေးကပြောပါတယ်။

တည်ရှိဆဲ စည်းမျဉ်းစည်းကမ်း ဘောင်ထဲကနေ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်တကြောင်း၊ ပုဂ္ဂလိက ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကနဦးစမ်းသပ်ချက်သဘောမျိုး ဖြစ်တဲ့အတွက်ကြောင့်တကြောင်း ဒီအစီအစဉ်အောင်မြင်ရေး အတွက် အတူတကွ အားလုံး ထိန်းထိန်းသိမ်းသိမ်း ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ ပြန်ကြားရေးဌာနဝန်ကြီး ဦးဖေမြင့်က ကြိုတင်ပြီးတော့ မေတ္တာရပ်ခံသွားသလို ရုပ်သံလိုင်းသစ်တွေ အောင်မြင်စေဖို့လည်း ဆုတောင်းပေးသွားပါတယ်။

“ဒီကနေ့ ကြွရောက်လာကြတဲ့ Content Provider များအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို စနစ်တကျ ကျင့်သုံးပြီးတော့ ပြည်သူများ အတွက် သတင်းအချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း လုပ်ငန်းများကို ထူးခြား ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ကြပါစေ၊ အများပြည်သူရဲ့ နှစ်သက်မှုနဲ့အတူ မိမိတို့လုပ်ငန်းများ အောင်မြင်မှုကိုလည်း ခံစားရရှိနိုင်ကြပါစေ၊ တဖက်မှာ မြန်မာ့မီဒီယာလောကနဲ့အတူ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုနိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။”

၂၀၁၅ ခုနှစ်က ပြဌာန်းထားတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို လက်ရှိမှာ ပြင်ဆင်ဖို့လုပ်နေဆဲဖြစ်ပြီး အဲဒီ ဥပဒေကို ပြင်ဆင်ပြီးတဲ့နောက်၊ ဆက်စပ်နည်းဥပဒေတွေ ထွက်ပြီးတဲ့နောက်၊ တဆက်ထဲမှာပဲ ရုပ်သံကောင်စီဖွဲ့စည်းပေါ်ပေါက်ပြီး တဲ့နောက်မှာတော့ ပြောင်းလဲလာတဲ့ အနေအထားတွေနဲ့လျော်ညီစွာ ဆက်ပြီး ဆောင်ရွက်ရဖို့ရှိတယ်လို့လည်း ဝန်ကြီးဦးဖေမြင့် ကပြောသွားပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်ကျ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုဆက်သွားကြမလဲဆိုတာကတော့ ရှင်းရှင်း လင်းလင်းမရှိပါဘူး။

MRTV နဲ့ အခုလက်မှတ်ရေးထိုးလိုက်တဲ့ ရုပ်သံလိုင်းသစ်ငါးခုကို လည်ပတ်လုပ်ဆောင်မယ့် ကုမ္ပဏီတွေကတော့ Mizzima Media Company Limited ၊ DVB Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA TeleMedia Holdings Company Limited ၊ My Multi Media Group Company Limited တို့ဖြစ်ပါတယ်။

ဒီထဲကမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Mizzima TV ကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလမှာ လိုင်းသစ် ၅ ခုလုံးကို ဖမ်းယူကြည့်ရှုနိုင်မယ်လို့ သက်ဆိုင်ရာသတင်းတွေမှာ ဖော်ပြထားပါတယ်။ အခုထပ်တိုးလိုက်တဲ့ ရုပ်သံလိုင်းသစ်ငါးခုနဲ့ဆိုရင် အခမဲ့ ဖမ်းယူကြည့်ရှုနိုင်တဲ့ ရုပ်သံလိုင်း စုစုပေါင်း ၁၆ လိုင်းရှိသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG