သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ပြည်သူ့လွှတ်တော်မှာစတင်


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

အချေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ဒီကနေ့ပဲ အဆိုတင်သွင်းခဲ့ပြီး၊ မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တက်ကြွလှုပ်ရှားသူတွေ သတင်းမီဒီယာတွေ မကြာခဏ အရေးယူခံရတဲ့ ပုဒ်မ ၆၆ (ဃ) အပါအဝင် ဆက်သွယ်ရေးဥပဒေမှာ ပါဝင်တဲ့ ပုဒ်မတွေကို ပြင်ဆင်ရေး အမျိုးသား လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေကြတာပါ။ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေကိုတော့ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

အမျိုးသားလွှတ်တော်မှာ ဒီလဆန်းက မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်မယ့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖတ်ကြားတင်သွင်းခဲ့ပြီးနောက်၊ ဒီကနေ့မှာတော့ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ နောက်ထပ် ပြင်ဆင်ချက်တွေနဲ့အတူ တင်သွင်းလိုက်တာပါ။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကို တင်သွင်းခဲ့တဲ့ ပြင်ဆင်ချက်မှာတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ ပြစ်ဒဏ်ပေးတာတွေကို လျှော့ပေါ့ရေး ထည့်သွင်းထားတဲ့အကြောင်း ဒီကနေ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူ ကိုယ်စားလှယ် (၁၀) ဦးထဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ကတော့ ၂ မျိုး ခွဲလိုက်တာပေါ့နော် လွှတ်တော်ကိုတော့မရောက်သေးဘူး။ ကျနော်တို့အဆိုတင်တဲ့လူတွေက ၆၆(က)၊ (ခ)၊ (ဂ)ရယ်ကိုတော့ ၃ နှစ်အထိ ဒီ (ဃ) ကိုတော့ ၂ နှစ်အထိဆိုပြီးတော့ ဒီကနေ့ ကျနော်တို့ ပြင်ဆင်ချက် တင်သွင်းလိုက်တယ်ပေါ့နော်။ ၂ နှစ်အထိဆိုတော့ ကျနော်တို့ အာမခံလို့ရပြီပေါ့နော် ၊ ဒဏ်ငွေက ၁၀ သိန်းပေါ့နော် အဲလို သတ်မှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒါ အတည်မဖြစ်သေးဘူးနော် လွှတ်တော်မှာကျနော်တို့ မဲခွဲရဦးမှာကို။”

ဆက်သွယ်ရေးဥပဒေပြင်ဆင်သည့်ဥပဒေကြမ်းထဲ ‘‘ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(က)၊ (ခ)နှင့် (ဃ) တို့ပါ ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရ ပြစ်ဒဏ်သုံးနှစ်အောက်ပြစ်မှုများ၊ အာမခံပေးနိုင်တဲ့ ပုဒ်မများ အဖြစ် သတ်မှတ်ပြီး အဓိက ပြစ်မှုပြစ်ဒဏ်လျှော့ချပြီး အာမခံပေးနိုင်တဲ့အမှုအထိဖြစ်အောင် တင်သွင်းခဲ့တယ်လို့ သူ့အဆိုကို ပြည်သူ့လွှတ်တော်အမတ်ဦးဖေသန်းကပြောပြပါတယ်။

“ကျနော်အပါအဝင်ပေ့ါနော် လူ၁၀ ယောက်လောက်က အဲလိုပဲ သဘောတူ ညိနှိုင်းပြီးတော့ ဒါမျိုးလိုချင်တယ်လိုပြီးတော့ အဲဒီဥပဒေကြမ်းကေ်ာမတီမှာပဲ ကျနော်တို့ ညှိနှိုင်းပြီးတော့ ပြင်ဆင်လိုက်တာပါ။ အဓိကတော့ ကျနော်တို့က ၂ နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်ဖြစ်စေချင်တယ်။ အများအားဖြင့် ဒီနေ့ ခေတ်စားနေတဲ့ ၆၆ (ဃ) ကိုတော့ ကျနော် ၂ နှစ်အထိပဲ လို့ အဲလိုကျနော်တို့ဘက်က ဥပဒေကြမ်းကော်မတီနဲ့ ကွဲလွဲတယ်ဆိုပြီးတော့ ကျနော်တို့ ဘက်က ဒီလိုတင်လိုက်တာပေါ့။ လွှတ်တော်ထဲရောက်တော့ ဥပဒေကြမ်းကော်မတီရဲ့ ၃ နှစ်အောက်ပြစ်ဒဏ်ဆိုတာနဲ့ ကျနော်တို့ ၂ နှစ်ထက်မပိုရဆိုတဲ့ ပြစ်ဒဏ်ကို အဲဒီလွှတ်တော်ထဲမှာ မဲခွဲပြီးတော့ အတည်ပြုရမှာပါ။ အခုကျနော်တို့က အဆိုပြုရုံပဲရှိပါသေးတယ်။”

ဒီသီတင်းပတ်ထဲမှာတော့ လွှတ်တော်ဥပဒေကြမ်းကော်မတီကို တင်သွင်းလာတဲ့အဆိုတွေ ပြင်ဆင်ချက်တွေ နဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးပြီး မဲခွဲအတည်ပြုမှာဖြစ်တယ်လို့လည်း ဦးဖေသန်းကပြောပြပါတယ်။

“ဒီအပတ်အတွင်းမှာ ဖြစ်မယ်ထင်ပါတယ် ဒီ ၆၆(ဃ)ကိုသူတို့ တော်တော့်ကို အပူတပြင်းလုပ်နေတာကို ကျနော်တို့က ဒီအပတ်လောက်မှာဖြစ်နိုင်ပါတယ်ခင်ဗျ။ တကယ်လို့ ကျနော်တို့က ဒီမှာအတည်ပြုလိုက်တဲ့အခါမှာ အမျိုးသားလွှတ်တော်နဲ့ ကွဲလွဲတာတွေဖြစ်လာမယ်။ အဲဒါကြောင့်အမျိုးသားလွှတ်တော်ကို တခေါက်ပြန်သွားရဦးမှာပေ့ါဗျာ။ ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ထပ်ညှိရဦးမှာပေါ့။”

အခုလွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးနေကြတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ ့ဥပဒေကြမ်းထဲမှာတော့ အရပ်ဖက်အဖွဲ့အစည်းတွေ အဆိုပြုထားတဲ့ အကြံပြုချက်တွေ မပါဝင်ဘူးလို့ ၆၆(ဃ) ဖျက်သိမ်း ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ ၆၆ဃ ဖျက်သိမ်းရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို ကိုဆောင်းခက အခုလိုပြောပြပါတယ်။

“ကျနော်တို့ အဲလိုပြည်သူ့လွှတ်တော်ရောက်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ ဆွေးနွေးတယ်။ ဒါပေမယ့် ဆွေးနွေးတာက အဆင်မပြေခဲ့ပါဘူး။ ကျနော်တို့ တောင်းတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ ယတိပြတ်မပြောနိုင်ခဲ့ဘူး။ သူတို့ဘက်ကနေပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့လုပ်မယ်လို့ သူတို့ပြောတယ်။ သို့သော် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာထွက်လာတဲ့အခါမှာ အမျိုးသားလွှတ်တော်က ပြင်ဆင်ပြီးတော့ ပြင်ဆင်ပေးပို့လာတဲ့အချက်တွေထဲက ဘာမှထွေထွေထူးထူးပြင်တာမရှိပဲနဲ့ ပြစ်ဒဏ်ကို အာမခံရအောင်လို့ ၃ နှစ်အောက်ဆိုပြီးတော့ ပြင်တာပဲရှိတယ်။ ဆိုတော့ ၃ နှစ်အောက်ဆိုတာကလည်း ခုနကပြောသလို ၂ နှစ်နဲ့ ၁၁ လကျော်ကျော်အထိ ချလို့ရတာဖြစ်တာကို ဆိုတော့ အဲဒါဘာမှ မထူးဘူးလို့ထင်တယ်။ နောက်ခုကတော့ အာမခံတော့ရသွားလိမ့်မယ်ပေါ့ ။ သို့သော် ခုနပြောတဲ့ အသေရေဖျက်မှုကို အဓိပါ္ပယ်ဖွင့်ဆိုထားတဲ့နေရာမှာ တိကျရှင်းလင်းမှုမရှိဘူး။ ပြီးတော့ ရာဇသတ်ကြီးထဲမှာပါတဲ့ ပုဒ်မ ၄၉၉ ကိုလည်း ရှင်းလင်းဖွင့်ဆိုထားတာမရှိတဲ့အတွက် ဒီဟာက ဒီအတိုင်းပဲ အမှုတွေကတော့ ဆက်တိုးနေမယ်လို့ ကျနော်ထင်တယ်။”

အခုအချိန်အထိဆိုရင်တော့ NLDအရပ်သားအစိုးရလက်ထက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားရုံးစွဲဆိုမှုက ၈၅မှု အထိရှိသွားပြီဖြစ်တယ်လို့လည်း ကိုဆောင်းခကပြောပြပါတယ်။

“သူတို့ပြင်ဆင်ထားတဲ့ တချို့အချက်တွေကတော့ တကယ်ကောင်းပါတယ်။တခြားလူကနေပြီးတော့ တရားစွဲလို့မရအောင် ထပ်တိုးတာတွေပါတယ်။ သို့သော် ဒီနေ့ကိုပဲ ကျနော်တို့ဒီ ဆက်သွယ်ရေးဥပဒေကြမ်း အဖွဲ့ကနေပြီးတော့ နောက်ဆုံးထုတ်ပြန်ချက်လုပ်လိုက်တာက ဒီနေ့ဆိုရင် တရားစွဲခံထားရတဲ့ အမှုပေါင်းက ၈၅ မှုရှိလာပြီ။ သို့သော် အဲလိုများနေရတဲ့အကြောင်းအရင်းကို သူတို့က ပြုပြင်ဖို့မကြိုးစားပဲနဲ့ အခြားအကြောင်းအရာ တွေကိုပဲ ခုနပြောတဲ့ အပေါ်ယံပြင်ဆင်မှုကိုပဲ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။”

ဒီမိုကရေစံနှုန်းတွေနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ၆၆ (ဃ) လုံးဝဖျက်သိမ်းဖို့အပါအဝင် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ တတ်ကြွလှုပ်ရှားသူတွေဘက်က အစိုးရပိုင်းနဲ့ရော လွှတ်တော်နှစ်ရပ်စလုံးနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်တွေ ပေးပို့ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG