သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးနေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ရေး ဒီမိုကရေစီရေးလှုပ်ရှားသူတွေတောင်းဆို


ရှစ်လေးလုံး အရေးတော်ပုံ (၂၈) နှစ်ပြည့် အခမ်းအနား
ရှစ်လေးလုံး အရေးတော်ပုံ (၂၈) နှစ်ပြည့် အခမ်းအနား

သြဂုတ် ၈ရက်နေ့ကို “မြန်မာနိုင်ငံ ဒီမိုကရေစီနေ့” အဖြစ်သတ်မှတ်ပေးဖို့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားသူတွေကတညီတညွှတ်ထဲ တောင်း ဆို လိုက်ပါတယ်။ NLD အရပ်သားအစိုးရသစ်လက်ထက်မှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ (၂၈) နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့အပါအဝင် နိုင်ငံအဝှမ်းမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းဌာနက မေခကပေးပို့ထားပါတယ်။

ဒီကနေ့မှာတော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ (၂၈) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့အပါအဝင် နိုင်ငံအဝှမ်းမှာ အကြိမ်ကျင်းပခဲ့ကြပါတယ်။ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဓမ္မပီယသာသနာ့ရိပ်သာမှာ လုပ်တဲ့ အခမ်းအနားမှာ ရှစ်လေးလုံးဒီမိုကရေစီ အရေး တော်ပုံလှုပ်ရှားသူတွေက အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က တပါတီအာဏာရှင်စံနစ် ပြုတ်ကျဖို့၊ ဒီမိုကရေနဲ့ လူ့အခွင့်အရေး ရရှိဖို့တို့အတွက် လူတန်းစား အလွှာ အသီးသီးက ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ အဲဒီအချိန်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင့်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့ပတ်သတ်ပြီး ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ၈၈ကာလမှာ ခက်ခဲတဲ့ လမ်းတွေကိုဖြတ် သန်းပြီးနေရာဒေ သအမျိုး မျိုးမှာ ကိုယ်စီတာဝန်တွေ ယူခဲ့ကြပါတယ်။ ဒီသမိုင်းတွေကို ဒီထက်ပိုပြီး အလေးထား အမှတ်ရဖို့လုပ်ဆောင်ပေးဖို့လိုနေ သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပြင်ပြည်ပကိုထွက်ခွါသွားခဲ့ရတဲ့ သူတွေ ခုချိန်မှာ ပြန်လည်ပြည်တော်ဝင်ချင်ကြတာကြောင့် အစိုးရအနေနဲ့ ကူညီပေး ဖို့ တိုက်တွန်းလိုက်ပါတယ်။

၈၈ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အစပြုရှင်သန်လာခဲ့တဲ့ ၈၈မျိုးဆက်တွေအနေနဲ့ လက်ရှိ နိုင်ငံတော်အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးကပြောဆို လိုက်ပါတယ်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးရပ်တည်မှု နဲ့ပတ်သတ်ပြီး ခုလိုပြောခဲ့ပါတယ်။

“၈၈မျိုးဆက် ဆိုတာ ကျယ်သွားပြီ ကြီးသွားပြီ အခုလူ့ဘောင်သစ်ပါတီဆိုတာလည်း ၈၈မျိုးဆက် ပဲ ။ ၈၈ ငြိမ်းပွင့်ဆိုတာ ကွက်ကွက် ကလေးမြင်တယ် ။ ငြိမ်းပွင့်အနေနဲ့ ကျနော်ပြောရရင်တော့ ငြိမ်းပွင့်မှာဆိုရင် နိုင်ငံရေးပါတီအနေနဲ့ သွားချင်တဲ့လူတွေရှိတယ်။ နောက်အေးအေးဆေးဆေး သြဇာပဲ ထူထောင်မယ်ဆိုတာရှိတယ် ။ အဲဒီတော့ ကျနော်ထင်ပါတယ် သိပ်မကြာခင်ကာလမှာတော့ မြန်မာ ဒီမိုကရက်တစ်အပြောင်းအလဲဟာ တော်တက်မှန်ကန်နေမယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ၈၈ တွေက ဘယ်လိုပဲဖြစ်ဖြစ် ပံ့ပိုးသွားပါမယ် အဲဒါမျိုးဆက်တခုလုံးကိုပြောတာ။ တိမ်းစောင်းမှုတွေရှိမယ်လွဲတာတွေရှိမယ်ဆိုရင်တော့ ကျနော် သိတယ် ၈၈မျိုးဆက်တွေက ဒီအတိုင်းထိုင်နေမှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် နိုင်ငံရေးပါတီ လည်းဖြစ်သွားနိုင်သလို၊ နိုင်ငံရေး Policy အဆင့်ကို ချမှတ်တဲ့ အဆင့်ကိုလည်း တက်လှမ်းသွားဖို့ရှိပါလိမ့်မယ်။ တိမ်းစောင်းမှုမရှိရင်တော့ နည်းနည်းလေးနောက်ကျနေမယ်။ နိုင်ငံရေးမှာ အခြေအနေအချိန်အခါနဲ့ တိုင်ပင် ရွေးချယ်တက်ဖို့လိုပါတယ်။”

၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးသက်ထွန်းကတော့မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ အားလုံးဆက်လက်ပါဝင်ဖို့လိုအပ်ကြောင်း၊ ရေပေါ်ဆီနိုင်ငံရေး လုပ်ဆောင်ကာ တပ်မတော်ဆိုတဲ့ လူတန်းစားတရပ်၊ ၈၈ကျောင်းသားဆိုတဲ့ လူတန်းစားတရပ် ၊ နိုင်ငံရေးအကျဉ်းသားလူတန်းစားတရပ်စသဖြင့် ပေါ်ထွက် ပြီးခွဲခြားမနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိနိုင်ငံရေးသမားတွေ၊ ၈၈ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့တသား ထဲရှိဖို့ တိုက်တွန်းခဲ့ပြီး ဝေးကွာလာမှုတွေရှိနေတဲ့အပေါ် ဝေဖန်ထောက်ပြခဲ့ပါတယ်။

“တကယ်တမ်းတော့ တိုင်းပြည်ကိုကောင်းစေချင်တယ်၊ ထူထောင်စေချင်တယ်ဆိုရင် အခုလိုဘေးကနေပြီးတော့ပြောနေမယ့်အစား တကယ်ထူထောင်နိုင်တဲ့အဆင့်မျိုးရောက်အောင်လုပ်ရလိမ့်မယ်။ လွယ်လွယ်ပြောရင် နိုင်ငံရေးကိုကြောက်လို့မရဘူး။ ဒီလိုမျိုးဆက်တွေကြားထဲမှာကပုဂ္ဂိုလ်ရေးတွေလည်းပါမယ်။ ဟိုတုန်းကအဖွဲ့အစည်းတွေလည်းပါမယ်။ အဲဒီလိုသဘောတရားအမျိုးမျိုးနဲ့ မကျေလည်တာတွေအပြင် အခုဆက်ပြီး ဖြတ်သန်းလာတဲ့ ခေတ်ကာလမှာ မကျေလည်မူတွေကိုလည်း သူတို့ ကြိတ်ဖြေရလိမ့်မယ်။ အဲဒါတွေကို မဖြေနိုင်ဘူးဆိုရင်လည်း စုစုစည်းစည်းမဖြစ်နိုင်ဘူး အင်အားက။ ၈၈ မျိုးဆက်ဆိုတဲ့ဟာမှာ တဦးချင်း တယောက်ချင်း ကောင်းတာနဲ့မရဘူး။ ဒါဟာ မျိုးဆက်တခုလုံးတာဝန်ဖြစ်သလို၊ မျိုးဆက်တခုလုံးက တာဝန်ကြေဖို့လိုတယ်။ တိုင်းပြည်ကို ကယ်ချင်တယ်ဆိုရင် နိုင်ငံရေးကို ပြတ်ပြတ်သားသားလုပ်သင့်တယ်လို့ ပြောရလိမ့်မယ်။”

ဒီကနေ့ ၂၈နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ကျင်းပတာမှာ ပြီးခဲ့တဲ့ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် ၃ ရပ်ဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်း ပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသောဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုထူထောင်ဖို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲဖို့ နဲ့ ငြိမ်းချမ်းရေးအမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစု အားလုံးပါတဲ့ ညီလာခံတစ်ရပ်ကိုကျင်းပဖို့ စတဲ့အချက်တွေ ကိုအစိုးရနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရှစ်လေးလုံးဒီမိုကရေစီ အရေး တော်ပုံလှုပ်ရှားသူတွေကပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
ရှစ်လေးလုံး ၂၈ နှစ်ပြည့်နဲ့ ဒီမိုကရေစီနေ့
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG