မြန်မာ့အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက သမိုင်းဝင် ဒီနေ့ရက်ကို မှတ်မှတ်ရရ ချီတက် ဆန္ဒပြပွဲတွေ၊ လှုံ့ဆော်ရေး စကားဝိုင်းတွေနဲ့ ဆွမ်းကျွေး အမျှဝေတာတွေကို နေရာအသီးသီးမှာ ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ထောင်နဲ့ချီပြီး မြန်မာသံရုံးရှေ့ သွားကာ ချီတက် ဆန္ဒပြမှုတွေ လုပ်ခဲ့သလို ဂျပန်အစိုးရကိုလည်း မြန်မာအစိုးရကို အကူအညီတွေ မပေးဖို့ တောင်းဆိုနေကြတာပါ။ ဆန္ဒပြပွဲမှာတော့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တက်ကြွစွာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ဒေါ်သန်းသန်းအေးက သူတို့အနေနဲ့ ဒီကနေ့ တောင်းဆိုမှု လုပ်ခဲ့တာတွေကို အခုလို ပြောပြပါတယ်။
“၈ ရက် ၈ လ ၈၈ ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ ဘယ်လိုမှ မမေ့နိုင်တဲ့ နေ့တနေ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့သမိုင်းမှာလည်း တွင်သွားပါတယ်၊ မြန်မာရဲ့ တပါတီ အာဏာရှင်စနစ် ပြုတ်ကျပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို ၈ ရက် ၈ လ ၈၈ ကနေ စပြီးတော့ ကျမတို့ ပြည်သူတရပ်လုံးက တောင်းဆိုလာတဲ့ နေ့တနေ့ ဖြစ်ပါတယ်။
“ဒါကြောင့် ဒီနေ့မှာ မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံးလုပ်ပါ၊ တိုင်းရင်းသားတွေကို မတရား ပြည်တွင်းစစ် ဖန်တီးမှုကို ချက်ချင်းရပ်ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ချက်ချင်းလုပ်ပါ။ ပြီးတော့ ဂျပန်အစိုးရ အနေနဲ့ သိန်းစိန် အစိုးရကို သေသေချာချာ ဘာမှ မသိသေးဘဲနဲ့ အကူအညီတွေကို အရမ်းမပေးပါနဲ့ဆိုတာ။”
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတော့ Burma Centre Delhi (BCD) က ကမကထလုပ်ပြီး မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းကာ ဆန္ဒပြပွဲ တရပ်လည်း လုပ်ခဲ့ကြပါတယ်။ Burma Centre Delhi ရဲ့ ဆက်သွယ်ညွှန်ကြားရေးမှူး ကိုကင်က အိန္ဒိယ အစိုးရကို ဒီမိုကရေစီ အင်အားစုတွေက တောင်းဆိုခဲ့တာတွေနဲ့ ဒီကနေ့ လှုပ်ရှားမှုတွေကို ပြောပြပါတယ်။
“ဒီနေ့ အင်အား ၁၆၀ လောက် နယူးဒေလီမြို့တော်ရဲ့ အလယ်မှာရှိတဲ့ ဂျန်တားမန်တား ပန်းခြံကြီးမှာ ဆန္ဒပြတယ်။ ဆန္ဒသွားပြတဲ့ အချိန်က ၁၁ နာရီခွဲလောက်မှာ သွားတယ်။ အဓိက အဲဒီ ဆန္ဒပြတဲ့ အချိန်မှာ ကျနော်တို့က ခွပ်ဒေါင်းအလံတွေ လွှင့်ထူတယ်။ ပြီးရင် ၈၈ ကျောင်းသားခေါင်းဆောင်တွေ ကိုမင်းကိုနိုင် အပါအဝင် ကျန်တဲ့ မနီလာသိန်းတို့ အားလုံး လွတ်မြောက်ရေးအတွက် ကျနော်တို့ ကြွေးကြော်တယ်။ နောက် ကျနော်တို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဆီကို စာပို့တယ်။ အဓိက အဲဒီမှာ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရ အနေနဲ့ အခု မြန်မာပြည်မှာ ရှိတာက စစ်အစိုးရ မဟုတ်တော့ဘူး၊ လွှတ်တော်လည်း ပြီးပြီဆိုတော့ အဲဒီ လွှတ်တော်အစိုးရကို ပြောပေးဖို့ပေါ့။”
အလားတူပဲ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း အထိမ်းအမှတ်ပွဲတွေ လုပ်ခဲ့ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မှာတော့ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ အတော်များများကို လုပ်ခဲ့ကြပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အထိမ်းအမှတ်ပွဲတွေ၊ စကားဝိုင်းတွေကို လုပ်ခဲ့ကြတာပါ။ ထိုင်း၊ မြန်မာ နယ်စပ် မယ်တော်ဆေးခန်းမှာ လုပ်တဲ့ပွဲမှာတော့…
“ဒီမိုကရေစီ တောင်းဆိုမှု လူထု အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့ကြရသော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ အာဇာနည် သူရဲကောင်း အပေါင်းအား အလေးပြု။”
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ပြီးတဲ့နောက် ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်လာပြီး မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သူ ဒေါက်တာ စင်သီယာမောင်ကတော့ ရှစ်လေးလုံးမှာ လူထုတွေ သေဆုံးရတာတွေ၊ လွတ်လပ်ခွင့်တွေ ထောင်သွင်း အကျဉ်းချထား ခံခဲ့ရပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးက အဆုံးမသတ်ပါဘူး ဆိုပြီး ပြောသွားပါတယ်။
“ကျမတို့နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူထုတွေရဲ့ တောင်းဆိုမှု၊ လူထုတွေရဲ့ လိုအင်ဆန္ဒတွေကို အုပ်ချုပ်တဲ့ စစ်တပ်ကနေ အကြမ်းဖက်တဲ့နည်းနဲ့ ဖြိုခွင်းခဲ့တဲ့ အတွက်ကြောင့် မြောက်မြားစွာ သေဆုံးခဲ့ရတယ်၊ သွေးမြေကျခဲ့တယ်။ ပြီးတော့ ကျမတို့ရဲ့ လွတ်မြောက်မှုတွေ အားလုံးက အကျဉ်းထောင်ထဲမှာ ကျသွားခဲ့ရတယ်။ ဒါပေမဲ့ ကျမတို့က ရှုံးသွားတယ်လို့ မယူဆပါဘူး။”
မြန်မာနိုင်ငံမှာ လူထုတရပ်လုံး အုံကြွမှု ဖြစ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့သလို မြန်မာနိုင်ငံမှာ လူထုအုံကြွမှုဖြစ်တိုင်း ၁၉၈၈ ခုနှစ် နောက်ပိုင်းကစပြီး အာဏာသိမ်းခဲ့တဲ့ အုပ်ချုပ်သူ အဆက်ဆက်ဟာလည်း အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃ နှစ် ကြာခဲ့ပေမဲ့ မမေ့နိုင်ကြသေးဘဲ ပြည်တွင်းပြည်ပမှာ အထိမ်းအမှတ်ပွဲတွေ လုပ်နေကြတာလည်း ဖြစ်ပါတယ်။