သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ


ဘရူနိုင်းဘုရင် Hassanal Bolkiah(ဝဲ)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ယာ) နှင့် သမ္မတဦးသိန်းစိန်တို့အား ၂၂ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း ညစာစားပွဲမှာ အတူတကွ တွေ့ရစဉ်။ ဧပြီလ ၂၄၊ ၂၀၁၃။
ဘရူနိုင်းဘုရင် Hassanal Bolkiah(ဝဲ)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ယာ) နှင့် သမ္မတဦးသိန်းစိန်တို့အား ၂၂ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း ညစာစားပွဲမှာ အတူတကွ တွေ့ရစဉ်။ ဧပြီလ ၂၄၊ ၂၀၁၃။
တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်း ပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) နဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီး အစည်းအဝေး အတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင် နိုင်ငံတချို့ကြား မပြေမလည် ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆို လိုက်တာ လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်း ဒေသတွင်းတင်းမာမှုတွေ ကြုံနေရတဲ့ တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုကို အဓိက ကိစ္စရပ်တခုအဖြစ် အမြန် ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက လိုလားနေသလို တနိုင်ငံချင်းအနေနဲ့ မဟုတ်ဘဲ အာဆီယံအသင်းအနေနဲ့ တညီတညွတ်တည်း ရပ်တည်ရေး အတွက်ကိုလည်း အသင်းဝင်နိုင်ငံတွေ က ခေါင်းဆောင်တွေ လက်ခံခဲ့ကြတာပါ။ ဘရူနိုင်း နိုင်ငံက အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း တရုတ်နိုင်ငံနဲ့ အချေ အတင် ဖြစ်နေတဲ့ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမယ့် အာဆီယံအသင်း ရဲ့အစီအစဉ်ကို ထောက်ခံဆွေးနွေးခဲ့တဲ့အကြောင်း သမ္မတရဲ့ ပြောခွင့်ရ သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“သမ္မတကြီးက ဘရူနိုင်းမှာရှိတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို သွားတက် ပါတယ်။ သမ္မတကြီးအနေနဲ့ ဆွေးနွေးတဲ့ အခါမှာတော့ တောင်တရုတ် ပင်လယ် ကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်း ပွားမှု ကိစ္စမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့နိုင်ငံ မဟုတ်သော်လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအနေနဲ့ အဲဒီကိစ္စကို အလေးအနက် ထားပါတယ်။

အဲဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းမှန်သမျှကို လည်း မြန်မာနိုင်ငံအနေနဲ့ အစဉ်တစိုက် ထောက်ခံ အားပေးခဲ့တယ် လို့ ပြောပါတယ်။ နောက်တခါ ကျနော်တို့က တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံ တူညီတဲ့ သဘောတူညီချက် ထွက်ပေါ်ရေး ကြိုးပမ်းတဲ့နေရာမှာလည်း အာဆီယံနဲ့ တူညီတဲ့ဆန္ဒနဲ့ တသားတည်းရှိမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ ပါတယ်။”

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ဒေသတွင်း သက်ဆိုင်ရာနိုင်ငံတွေ လိုက်နာဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတရပ် ချမှတ်နိုင်ရေး ကြိုးပမ်းမှုတွေ ကိုလည်း ထောက်ခံတဲ့အကြောင်း မြန်မာအစိုးရက ပြောဆိုခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်တွင်း လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတရပ် ရေးဆွဲနိုင်ဖို့ ပြီးခဲ့ တဲ့နှစ်ထဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲ အတွင်းမှာ လည်း ဆွေးနွေးဖို့ ရည်ရွယ်ခဲ့ကြပေမဲ့ တရုတ်အစိုးရက သြဇာညောင်းတယ်လို့ အများကမြင်ကြတဲ့ အိမ်ရှင်နိုင်ငံက ထောက်ခံမှု မရှိခဲ့တဲ့အတွက် အထမမြောက် ခဲ့ကြပါဘူး။

၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။
၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။
ဒီနှစ်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဘရူနိုင်းစော်ဘွားကတော့ အခုနောက်ဆုံး ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“ခေါင်းဆောင်တွေကြား အကျေအလည်ဆွေးနွေး နိုင်ခဲ့ကြပါတယ်။ အရင်နှစ်က စလို့ တိုးတက်မှုတချို့လည်း ရှိခဲ့ပါတယ်။ ကျနော်တို့ သဘောတူညီမှု ရခဲ့တဲ့ အထဲမှာ အဆင့် ၂ ဆင့်ပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ပထမတခု ကတော့ ပိုင်ဆိုင် ကြောင်း အပြန်အလှန် ပြောဆိုနေကြတဲ့ တိုင်းပြည်တွေ အချင်းချင်းကြား ဖြေရှင်းကြဖို့ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ အာဆီယံ ရော တရုတ်နိုင်ငံကပါ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတရပ်ဖြစ်အောင် ကြိုးပမ်းပြီး လုပ်ထုံးလုပ်နည်းတရပ် ထွက်ပေါ်ရေး အရေးတကြီး ဆောင်ရွက်ကြဖို့ ဖြစ် ပါတယ်။”

တောင်တရုတ် ပင်လယ်ပြင်တွင်းက အရင်းအမြစ်တွေ ကြွယ်ဝတယ်လို့ ယုံကြည်နေကြတဲ့ နယ်မြေတွေကို ပိုင်ဆိုင်မှုအတွက် အာဆီယံ အသင်းဝင် ၄ နိုင်ငံ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့သာမက တခြား အာရှ တိုင်းပြည်တချို့နဲ့ပါ တရုတ် နိုင်ငံက အငြင်းပွားနေတာပါ။ ပြဿနာကို ကုလ သမဂ္ဂမှာ ဖြေရှင်းဖို့အထိ တောင်းဆိုနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတ Benigno Aquino ကတော့ ဒီတကြိမ်ဆွေးနွေးမှုတွေ အထမြောက်ခဲ့တာဟာ အောင်မြင်မှု တခုလို့ ပြောလိုက်ပါတယ်။

“အာဆီယံတခုလုံးက ဒီကိစ္စကို ဘေးဖယ်မထားဘဲ ဆွေးနွေးဖို့ ဆန္ဒရှိကြတဲ့ အတွက် ကျနော်တို့အနေနဲ့ တကယ်ပဲ ကျေးဇူးတင်ကြ ရမှာ ဖြစ်ပါတယ်။ အကျိုး လည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဦးစားပေး ကိစ္စတခုအဖြစ်နဲ့ ဘယ်သူက မှလည်း ကန့်ကွက်တာမျိုး မရှိကြပါဘူး။ အကုန်လုံးက နားထောင် ကြ၊ ဆွေးနွေးကြနဲ့ဆိုတော့ ဒါဟာ လမ်းကြောင်းမှန်ပေါ်ကို စရောက် လာပြီလို့လည်း ယူဆပါတယ်။”

ဒီနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေး ဖို့ ရှိနေချိန်မှာပဲ အာဆီယံအသင်းဝင် နိုင်ငံတွေ အနေနဲ့ ဘုံရပ်တည်ချက်တခု ရရှိရေးအတွက် ထိုင်းနိုင်ငံက ထိပ်သီးအစည်းအဝေး တက်လာကြတဲ့ ကျန်နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ ကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တောင်တရုတ် ပင်လယ်ပြင် ဆိုင်ရာ အခြေခံမူ (၆) ချက် နဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ထောက် ခံခဲ့တာပါ။ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အရေးမှာ မြန်မာအစိုးရက အခုလို သူ့ရဲ့ရပ်တည်ချက်ကို အထင်အရှားပြသလာကြတဲ့အတွက်လည်း ဆန်းစစ်သူတွေကတော့ ထူးခြားချက်တစ်ခုလို မြင်ကြပါတယ်။

ကြာသပတေးနေ့က ထိပ်သီးအစည်းအဝေးပွဲအပြီး အာဆီယံရဲ့ ထုတ်ပြန်ချက် မှာတော့ တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ထည့်သွင်းဖော်ပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်အပေါ် သဘောတူညီမှု ရရှိနိုင်ရေး နိုင်ငံခြားရေး ဝန်ကြီးတွေက တရုတ်နိုင်ငံနဲ့ ကြိုးပမ်းညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံတို့ကြား စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်းကိုလည်း အာဆီယံရဲ့ ကြေညာချက် က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG