သုံးရလွယ်ကူစေသည့် Link များ

ပိုမို ပွင့်လင်းလာမယ့်ခေတ်မှာ အနုပညာ အတတ်ပညာတွေ ပိုမို တိုးတက်အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ဆုပေးပွဲကို သ၀ဏ်လွှာ ပေးပို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်အတွက် သရုပ်ဆောင် ထူးချွန်ဆုတွေကိုတော့ ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့ သရုပ်ဆောင်တွေ ရရှိခဲ့ကြသလို မျှော်လင့်မထားတဲ့သူတွေလည်း ရရှိခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အခု ရုပ်ရှင် ထူးချွန်ဆုပေးပွဲဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ နှစ် (၂) နှစ်စာအတွက် ပေးအပ်တာ ဖြစ်ပြီး ရန်ကုန်မြို့၊ ရှင်စောပုလမ်းမှာရှိတဲ့ Myanmar Event Park မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လူထုက ရွေးကောက် တင်မြောက်ထားတဲ့ NLD အစိုးရ တက်လာပြီး ရက်ပိုင်းအတွင်းမှာ ကျင်းပတာ ဖြစ်ပြီး ရုပ်ရှင် အသိုင်းဝိုင်းနဲ့ သရုပ်ဆောင်တွေအပြင် နိုင်ငံရေးလောကက အထင်ကရပုဂ္ဂိုလ်တွေပါ တက်ရောက်ကြတာကို တွေ့ရပါတယ်။

ဒီရုပ်ရှင် ထူးချွန်ဆုပေးပွဲကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီ သ၀ဏ်လွှာကိုတော့ အကယ်ဒမီ၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အခမ်းအနားအစမှာ ဖတ်ကြားပြခဲ့ပါတယ်။

“လာမယ့် ၂၀၂၀ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ရဲ့ သက်တမ်း အနှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “မေတ္တာနှင့် သူရာ” ဇတ်ကားကနေစပြီး အခုခေတ် “ကျမက နှင်းဆီပါမောင်” ဇတ်ကားအဆုံး ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းတလျှောက် အတွေ့အကြုံတွေ ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ မျိုးစုံတွေ့ကြုံခဲ့ပြီးပါပြီ။ အခုလို ပိုမိုပွင့်လင်းလာတော့မယ့် ခေတ်မှာ ရုပ်ရှင်လောက တခုလုံး အနုပညာရော အတက်ပညာပါ ပိုမိုတိုးတက်အောင်မြင်လာကြမယ်လို့ မျှော်လင့်မိပါတယ်။

ရုပ်ရှင်ဆိုတာဟာ အနုပညာတွေထဲမှာ လူထုအကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာအရှိဆုံး ဖြစ်ကြောင်း၊ ပြောင်မြောက်တဲ့ ရုပ်ရှင် အနုပညာလက်ရာတွေဟာ လူတွေရဲ့ နှလုံးသားတွေအပေါ် နှစ်ပေါင်းများစွာ လွှမ်းမိုး ကျန်ရစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာကို ဖတ်ကြားပြခွင့် ရတဲ့အတွက် ဂုဏ်ယူ ၀မ်းသာမိကြောင်း အခမ်းအနားအပြီးမှာ ထွန်းအိန္ဒြာဗိုလ်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အရမ်းဂုဏ်ယူ ၀မ်းသာမိပါတယ်ရှင့်။ အမေက ကျမကို ဒါလေးဖတ်ဖို့အတွက်လည်း ကိုဇေယျာသော်ကနေတဆင့် ဒါလေးလုပ်ခိုင်းတာပေါ့နော်။ ဆိုတော့ ကျမ အရမ်းလည်းဝမ်းသာပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။”

မြန်မာ့ရုပ်ရှင် ဆုပေးပွဲကို အရင်က တနှစ်နောက်ကျပြီးမှ ကျင်းပလေ့ရှိခဲ့တာကြောင့် အခုနှစ်ကစပြီး နောင်လာမယ့် နှစ်တွေမှာ တနှစ်တခါ ပုံမှန် ကျင်းပသွားနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုနှစ်မှာ ၂ နှစ်စာအတွက် တပြိုင်ထဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္က ဦးလူမင်းကလည်း ပြောပါတယ်။

“အမြဲတမ်း ကျနော်တို့ အကယ်ဒမီက တနှစ်နောက်ကျနေရတော့ ဒီ တနှစ်မှာတော့ ၂ နှစ်စာပေါင်းပေးလိုက်မှ နောက်နှစ်နောက်နှစ်တွေမှာ တနှစ်တကြိမ်ဖြစ်မှာလေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီနှစ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားထဲမှာ မဖြစ်ဖြစ်အောင်ပေါင်းပြီးပေးလိုက်တာ။ ဒီဇင်ဘာ ၃၁ ရက်နေ့ ရုံတင်တဲ့ ရုပ်ရှင်ဇတ်ကားကို ဖေဖ၀ါရီနောက်ဆုံး ပတ်လောက်မှာ ပေးနိုင်တဲ့အခြေအနေဖြစ်သွားမှာပေါ့။”

ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

“ဒါလုပ်လိုက်တာ မှန်တယ်လို့ ကျမအနေနဲ့ ယူဆတယ်။ နောက်နှစ်နောက်နှစ်တွေကျရင် သူက တနှစ်စာ တနှစ်စာ up to date ဖြစ်သွားတော့ ပရိတ်သတ်တွေလည်းမျှော်လင့်ရတာ စိတ်ဝင်တစားရှိလာတာပေါ့နော်။”

အစိုးရသစ်လက်ထက်မှာ ပိုမို လွတ်လပ်ခွင့်ရပြီး တရားဥပဒေ စိုးမှု ရှိလာမှာ ဖြစ်တဲ့အတွက် ဈေးကွက်အတွင်း မသမာမှုတွေ ဖြစ်နေတာတွေလည်း ပပျောက်သွားမယ်လို့ မျှော်လင့်ကြောင်းလည်း ထွန်းအိန္ဒြာဗိုလ်က ဆက်ပြောပါတယ်။

“ပိုမိုလွတ်လပ်ခွင့်ရလာတော့မှာဆိုတာတော့ သေချာတယ်။ အဓိကတော့ ကျမတို့ အနုပညာလောကကြီးတခုလုံးတည်နေရတာ ဈေးကွက်ပေါ့ရှင့်။ အဲဒီဈေးကွက်က သူခိုးဈေးကွက်က ပိုကြီးမားနေတော့ တရားဥပဒေစိုးမိုးမှုရှိတဲ့အခါမှာ တော်တော်လေးကို အဆင်ပြေလာမယ်လို့ မျှော်လင့်ကြပါတယ်။ ဒါတလောကလုံးရဲ့ မျှော်လင့်ချက်ပါ။”

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကလည်း အစိုးရသစ်လက်ထက်မှာ ဖန်တီးမှုအားကောင်းပြီး တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ဒီအနှောင်အဖွဲ့တွေကင်းပြီး ပိုလွတ်လပ်ပြီးတော့ ပို ဖန်တီးနိုင်လာမယ်။ လက်တွေ့ကြတဲ့ တိုးတက်မှုတွေဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီလိုပဲ ကျနော်တို့ အနုပညာရှင်တွေဘက်ကလည်း အစိုးရနဲ့ပေါင်းပြီးတော့ နိုင်ငံအတွက် ထိုက်တန်တဲ့ တာဝန်တွေ ခံယူရမယ်လို့ မျှော်လင့်မိပါတယ်။”

၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ပြေတည်ဦး၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ခိုင်သင်းကြည်၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ဇင်ဝိုင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ၀တ်မှုံရွှေရည်နဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားတို့အပြင် တခြား ပညာရှင်ဆုတွေကိုလည်း ချီးမြင့်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ချီးမြင့်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို နေတိုး၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ဖွေးဖွေး၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ဗေလုဝ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို တက္ကသိုလ်ဂွမ်းပုံ၊ အကောင်းဆုံး ဒါရိုက်တာဆုကို ၀ိုင်းက ရရှိသွားခဲ့ကြတာပါ။

အခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲမှာ ပရိတ်သတ်တွေ မျှော်လင့်ထားသူတွေ ဆုရခဲ့ကြသလို၊ မျှော်လင့်မထားသူတွေလည်း ဆုရရှိခဲ့တဲ့အတွက် အကယ်ဒမီ ထုံးစံအတိုင်း ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို NLD ပါတီရဲ့ နာယကကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ မြန်မာ့ ရုပ်ရှင် အစည်းအရုံးရဲ့ နာယက ဘိုကလေး တင့်အောင်တို့က ပူးတွဲ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG