သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လျှပ်စစ်စွမ်းအင် အတွက် ADB နဲ့ ဂျပန် ဒေါ်လာ၂.၈ သန်း ထောက်ပံ့မည်


ရန်ကုန်မြို့က လျှပ်စစ်ဓာတ်အားပြင်ဆင်နေမှု၊
ရန်ကုန်မြို့က လျှပ်စစ်ဓာတ်အားပြင်ဆင်နေမှု၊
မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးတဲ့ စနစ်ကို အထောက် အကူပေးဖို့နဲ့ စွမ်းအင် ဆိုင်ရာ လိုအပ်ချက်တွေ ကို ပြည့်မှီဖို့၊ နောက် ရေရှည် ဆိုင်ရာ စီမံကိန်းတွေ ချမှတ်နိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ အထောက်အပံ့ပေးမယ် လို့ ပြောဆိုလိုက်ပါတယ်။ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သုံးသန်းနီးပါး အသုံးပြုမှာဖြစ်ပြီးတော့ ဒီငွေကို ဆင်းရဲမှုလျှော့ချရေး ဂျပန်နိုင်ငံ ရန်ပုံငွေ JFPR ထောက်ပံ့ငွေကို အသုံးပြုမှာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဦးစံမိုဝေ က ပြောပြပေးမှာပါ။

ဒီစီမံကိန်းရဲ့ အဓိကကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်သုံးစွဲမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်း ရေးဆွဲဖို့နဲ့လျှပ်စစ်ဓါတ်အားပို့လွှတ်မှု ဖြန့်ဖြူးမှု စတဲ့ စနစ်တွေကို ပိုမိုကောင်းမွန်အောင် အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ သတ်မှတ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်ငါးမြို့နယ် မန္တလေးတိုင်းဒေသကြီး စစ်ကိုင်း နဲ့ မကွေးစတဲ့ ဒေသတွေမှာ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်မှု တိုးမြှင့်ပေးဖို့ ဖြန့်ဖြူးရေးစနစ်တွေ ပိုမိုကောင်းမွန် ဖို့ ဆောင်ရွက်ပေးဖို့ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အရှေ့တောင်အာရှ ဌာနရဲ့ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ စီမံကိန်းအရာရှိဖြစ်တဲ့ မစ္စတာ Jong-Inn Kim ကပြောပါတယ်။

"အခြေခံအားဖြင့်ကတော့ လျှပ်စစ်ဓါတ်အားပို့လွှတ်မှု နဲ့ ပါတ်သက်ဆက်နွှယ်တဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဓါတ်အားပေးလိုင်းတွေ ဓါတ်အားပေးစက်ရုံတွေ ထရန်စဖော်မာတွေ စသဖြင့် လိုအပ်နေမှုတွေပေါ်မှာ မူတည်ပြီး ပြုပြင်ပြင်ဆင်ပေးရေး ဆောင်ရွက်သွားမှာပါ"

အဲဒီ့စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲမှာဖြစ်ပြီး စီမံကိန်းကာလဟာ အခုနှစ် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် ဂျွန်လအတွင်း ဖြစ်တယ်လို့ မစ္စတာ Jong-Inn Kim ကပြောပါတယ်။

"မျှော်လင့်ထားတာကတော့ တစ်ချို့လုပ်ငန်းတွေကို အခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ရှိပါတယ်။ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ ပြုပြင်မယ်။ မီတာတွေ အသစ်ပြန်လဲမယ်။ ဘီလူးချောင်းကနေ တောင်ငူ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ၊ အနောက်ဖက်ခြမ်း တောင်ငူကနေ စစ်ကိုင်း ဓါတ်အားလိုင်း၊ ရန်ကုန်မြို့တွင်း သာကေတ နဲ့ အလုံ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေကို အရည်အသွေး တိုးမြှင့်အောင် ပြုလုပ်ဖို့ စတာတွေပါဝင်ပါတယ်"

နောက်စီမံကိန်းတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အကဲဖြတ်ဖို့နဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်း ရေးဆွဲဖို့ဖြစ်တယ်လို့ မစ္စတာ Jong-Inn Kim ကပြောပါတယ်။

"မြန်မာနိုင်ငံဟာ အခုအချိန်အထိ စွမ်းအင်ဆိုင်ရာ အသုံးချမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်းတွေ မူဝါဒတွေ မရှိသေးပါဘူး။ နှစ်ပေါင်း ၂၀ အတွင်း စွမ်းအင်သုံးစွဲမှု ပမာဏ ဘယ်လောက်လိုတယ် ဒီအတွက် မြန်မာနိုင်ငံ အတွင်းမှာ စွမ်းအင်ထုတ်ယူပံ့ပိုးပေးနိုင်မှု ပမာဏ ဘယ်လောက်ရှိတယ် စသဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မှု နည်းဗျူဟာတွေ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ADB ဟာ မြန်မာအစိုးရနဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

အဲဒီ စီမံကိန်းအတွက်တော့ စုစုပေါင်းထောက်ပံ့ငွေ အားလုံးအနက်က ၁ ဒသမ ၃၅ သန်းကို အသုံးပြုမှာဖြစ်ပြီး မြန်မာအစိုးရ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက် မှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေငြာပါတယ်။ စီမံကိန်းကို အခုလာမယ့် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ ADB စီမံကိန်းအရာရှိဖြစ်တဲ့ မစ္စတာ Jong-Inn Kim ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ပြည်ပကို စွမ်းအင်အများဆုံးတင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ် စွမ်းအင်တိုးတက်မှု နဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့အတွက် အရှေ့တောင်အာရှဒေသမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံး တိုင်းပြည်တွေထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ADB ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
XS
SM
MD
LG